
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းရွာမ ကျေးရွာအုပ်စု၊ ခိုတိန်ရွာမှာရှိတဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့်ကုမ္ပဏီက လူတွေ တီးမနောင်ဆိုင်ရွာအနီးဘက် လေကြောင်း ဗုံးကြဲခံရတဲ့နောက် ထွက်ပြေးသွားကြပြီး ကျားဖြန့်ရုံမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ဒေသခံတွေ ဝင်ယူခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းဗုံးကြဲတဲ့ ဩဂုတ် ၁၄ ရက်ညမှာ ကျားဖြန့်လုပ်ငန်းလုပ်သူတွေ ထွက်ပြေးသွားကြတဲ့နောက် ဩဂုတ် ၁၅ ရက် မနက်မှာ အဲဒီနေရာမှာ ပစ္စည်းတွေ ကျန်ခဲ့တာကြောင့် ဒေသခံတချို့ သွားရောက်ယူခဲ့ကြလို့ မူဆယ်ဒေသခံတယောက်က ပြောပါတယ်။
“ဗုံးကြဲတဲ့ည ထွက်ပြေးကြကုန်လို့ နောက်ရက်မနက် ကျားဖြန့်တွေ မရှိတော့ ပစ္စည်းတွေ ဝင်ယူကြတဲ့ သဘော။ ကျားဖြန့် ခေါင်းဆောင်ပိုင်းတွေအကုန် ထွက်ပြေးကုန်ပြီး တခြားလူတွေပဲ ကျန်ခဲ့တာနေမှာ။ လာဖမ်းတာမျိုးတော့ မဟုတ်ဘူး။ အဲဒီလိုပဲ ကြောက်လို့ ထွက်ပြေးသွားကြတာ။”
အဲဒီ ကျားဖြန့်ရုံက ထွက်ပြေးလာသူတွေ အများအပြား ၁၀၅ မိုင်မှာ ရောက်နေပြီး ရှမ်းလက်နက်ကိုင်တပ်တွေ လိုက်ပါလာတဲ့ စစ်ကားတွေ နမ့်ခမ်းဘက်ကို သွားနေတယ်လို့ သိရပါတယ်။
မျက်မြင်တွေ့တဲ့ ၁၀၅ မိုင်ဒေသခံတယောက်က “စစ်ကားတွေလေ။ ရှမ်းစစ်သားတွေ ဟုတ်တယ်။ တရုတ်နိုင်ငံသား အများကြီးတင်ပြီး နမ့်ခမ်းလမ်းဘက် ဖြတ်သွားတာ။ တီးမ အနီးဘက် လေယာဉ် ဗုံးကြဲတဲ့ညက နမ့်ဖတ်ကာ ရပ်ကွက် ၄ ကနေ ဖြတ်လာတာ။ ရှမ်းစစ်ကား ၈ စီးလောက် နမ့်ခမ်းလမ်းဘက် တက်သွားကြတာ။ လေယာဉ် ပျံဝဲသံ ကြားနေတဲ့ အချိန်ပဲ” လို့ ပြောပါတယ်။
ဩဂုတ် ၁၄ ရက်ည စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ တီးမ နောင်ဆိုင်ရွာဘက် SSPP/SSA နဲ့ KIA တပ်စခန်း အနီးတွေဘက် ကျရောက်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ခိုတိန်ရွာလည်း ရှမ်းရွာဖြစ်ပြီး SSPP/SSA တပ်ဖွဲ့ရှိကာ အရင်ကတည်းက ကျားဖြန့်လုပ်ငန်း ရှိနေတာဖြစ်ပြီး လုပ်ငန်းစတင်ခဲ့တဲ့ အချိန်ကာလကိုတော့ အတိအကျ မသိရဘူးလို့ မော်တောင်း ဒေသခံတယောက်က ပြောပါတယ်။
“ကျားဖြန့်က တရုတ်တွေ လုပ်တာ။ ရှမ်းစစ်သားတွေ လုံခြုံရေးယူ စောင့်ပေးတာ ထင်တယ်။ ခြံသွားရင်း ဖြတ်လာရင် အဲနားမှာ ရှမ်းစစ်သားတွေ အမြဲစောင့်ပေးနေတာ တွေ့တယ်။”
အဲဒီ ကျားဖြန့်ရုံဟာ ဒေသခံတွေရဲ့ ခြံသွားလမ်း ဖြစ်ပြီး မော်တောင်းရွာကနေ သွားရင် မိနစ် ၂၀ လောက်သာ ကြာတယ်လို့ ဒေသခံက ပြောပါတယ်။
ခိုတိန်ရွာအပြင် ၁၀၅ မိုင်မှာလည်း ကျားဖြန့်လုပ်ငန်းတွေ အများအပြားရှိလာနေပြီး တချို့နေအိမ်၊ စစ်အာဏာရှင်နဲ့ ဆက်စပ်တဲ့ ဆောက်အအုံ၊ တချို့ ကုန်သည်တွေရဲ့ ဂိုဒေါင်တွေမှာ ကျားဖြန့်တွေကို ထားရှိတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။











