
တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံကို မျောက်တကောင်နဲ့ ခိုင်းနှိုင်းထားတဲ့ တရုတ်နေ့စဉ်သတင်းဌာနရဲ့ AI ဗီဒီယိုကို ဖိလစ်ပိုင်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဇူလိုင် ၁၀ ရက်က ဖေ့စ်ဘွတ်ခ်မှာ လွှင့်တင်ခဲ့တဲ့ အဲဒီဗီဒီယိုထဲမှာ အမေရိကန်နဲ့ ဂျပန်အလံတွေ လွှင့်ထူထားတဲ့ လက်တွေက ဖိလစ်ပိုင်အင်္ကျီဝတ် မျောက်ကို ကာရာအိုကေစင်မြင့်ပေါ် တွန်းပို့ခဲ့တာပါ။
သီချင်းမှားဆိုလို့ အဆူခံရအပြီးမှာ တောင်တရုတ်ပင်လယ် ခုံသမာဓိအဖွဲ့ ဆုံးဖြတ်ချက်စာရွက်ကို မျောက်က ထုတ်ပြချိန် ရေထဲပစ်ချခံရပြီး မီးသတ်ပိုက်နဲ့ အထိုးခံရတာကို ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက "ဒီလို ဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ကြောင့် တာဝန်သိ နိုင်ငံတနိုင်ငံမှာ မရှိသင့်တဲ့ ရုပ်ဆိုးအကျည်းတန်တဲ့ ပုံဖော်မှုတွေကို အကြောင်းပြချက်ပေးလို့ မရပါဘူး" လို့ တုံ့ပြန်ပါတယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဂျီလ်ဘာတို တီအိုဒိုရိုကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်ရပ်ဟာ လျစ်လျူရှုထားလို့မရအောင် ထင်ရှားနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့က အနုညာတခုံရုံးက တောင်တရုတ်ပင်လယ်အရေး ဖိလစ်ပိုင်ကို အနိုင်ပေးခဲ့တာ ဆယ်စုနှစ်တခုရှိပြီဖြစ်ပေမဲ့ တရုတ်ကတော့ ဒီဆုံးဖြတ်ချက်ကို ပယ်ချထားဆဲ ဖြစ်ပါတယ်။
တရုတ်နေ့စဉ်သတင်းက မျောက်ဗီဒီယိုကိုဖော်ပြချိန်မှာ " ၁၀ နှစ်ကြာလာတဲ့အထိ အမည်ခံ တောင်တရုတ်ပင်လယ် အနုညာတခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးအတွက် အဖြေမဟုတ်ဘဲ ဥပဒေအသွင်ဆောင်ထားတဲ့ ပဋိပက္ခရဲ့ အရင်းအမြစ်သာ ဖြစ်နေဆဲပါပဲ" လို့ စာထိုးထားခဲ့ပါတယ်။
ပြင်ပအင်အားစုတွေကို အားကိုးပြီး တောင်တရုတ်ပင်လယ်မှာ ပြဿနာရှာနေတာဟာ ဖိလစ်ပိုင်နိုင်ငံကို တခြားသူတွေရဲ့ ပထဝီနိုင်ငံရေး ကစားကွက်ထဲက နယ်ရုပ်တခုအဖြစ် ပြောင်းလဲ ပစ်နေတာပါပဲလို့လည်း ဖော်ပြထားပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေဘက်ကတော့ ဖိလစ်ပိုင်ရဲ့ ဝေဖန်မှုကို လက်ရှိ အချိန်ထိ တုံ့ပြန်ထားတာ မရှိသေးပါဘူး။
Source:Reuters











