
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းလုပ်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ယောက်ကို ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင်ရဲ့ အာဘော် သတင်းစာတွေမှာ နိုဝင်ဘာ ၂ ရက်က ဖော်ပြပါတယ်။
အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်မှာ တာချီလိတ်၊ ဆန်ဆိုင်း (က) ရပ်ကွက်ရှိ ယုဝရတ်ဟိုတယ်မှာ အွန်လိုင်း လိမ်လည် လောင်းကစားလုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက် ရှာဖွေ စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသား အမျိုးသား ၄၂ ယောက်နဲ့ အမျိုးသမီး ၄၁ ယောက်၊ စုစုပေါင်း ၈၃ ယောက်ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လောင်းကစားမှု ကျူးလွန်ရာမှာ အသုံးပြုတဲ့ Laptop မျိုးစုံ ၄၀ လုံး၊ ဖုန်းမျိုးစုံ ၇၅ လုံးတို့နဲ့အတူ ဆက်စပ် ပစ္စည်းတွေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးရင် တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်သလို၊ သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း ကျူးလွန်သူတွေကို ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသားတွေနဲ့ တခြား နိုင်ငံသားတွေ ပါဝင်တာ ရှိ၊ မရှိကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာမရှိပါဘူး။











