
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အမည်ခံ ဘဏ်စာရင်းတွေ ဖွင့်ပေးပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အသုံးချဖို့ ပြန်လည်ရောင်းစားပေးနေတဲ့ ထိုင်းနိုင်ငံသား ၃ ယောက် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့ မြူနီစီပယ်နယ်မြေ ဘန့်ထုန့်လမ်းထဲက ဆိုင်တဆိုင်မှာ လက်သည်းအလှပြင် ဝန်ဆောင်မှုပေးကြောင်း ဆိုင်းဘုတ်တပ်ထားပေမဲ့ လူဝင်လူထွက်တွေဟာ လက်သည်းပြင်သူတွေနဲ့ မတူဘူး၊ ၂၄ နာရီ အလုပ်လုပ်နေတာကို သံသယဖြစ်စရာတွေ့ရှိရတယ်။
ဒါကြောင့် ဆိုက်ဘာရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ တရားရုံးက ဝရမ်းစာနဲ့ အဆိုပါနေရာကို နိုဝင်ဘာ ၇ ရက်က သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။
တာဝန်ရှိသူတွေ ရောက်သွားတော့ ဆိုင်ထဲက အမျိုးသား ၃ ယောက်မှာ လွန်စွာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အနောက်ဘက် ထွက်ပြေးကာ တံခါးပါပိတ်လိုက်တယ်၊ နောက်တယောက်ကတော့ ထွက်ပြေးဖို့ မမီလို့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
အခန်းထဲမှာ တယ်လီဖုန်း အလုံးပေါင်း ၄၀ ကျော်၊ ဖုန်းပိုင်ရှင်ရဲ့ အမည်၊ အီးမေးလ်ဆိုင်ရာ အချက်အလက်တွေ ရေးသားထားတဲ့ စာရင်းတွေ တွေ့ရှိတဲ့အပြင် စိတ်ကြွဆေး ၂၀ ပြားနဲ့ အီးစီးကရက် ၁ ဘူးပါ တွေ့ရှိခဲ့ပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၃ ယောက်လုံးကို ခေါ်ယူစစ်ဆေးတာမှာ ဘဏ်စာရင်းဖွင့် ဝန်ဆောင်မှုနဲ့ ဖုန်းထဲမှာ ဘဏ်အပလီကေးရှင်းထည့်ပေးတဲ့ ဝန်ဆောင်မှု လုပ်နေတာလို့ ဆိုပါတယ်။
သူတို့ဟာ ဘဏ်စာရင်း အမည်ငှားဖွင့်ပေးတာဖြစ်ပြီး ငွေကိစ္စစီမံလို့ရတဲ့ ဖုန်းတွေကို အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းတွေထံ ပြန်ရောင်းပေးပြီး ဝန်ဆောင်ခ အနေနဲ့ ဖုန်းတလုံးကို ဘတ် ၂,၀၀၀ မှ ၃,၀၀၀ ထိရပြီး တချို့မှာ ကိုယ့်သဘောနဲ့ကိုယ် အလိုတူပါ ဘဏ်စာရင်းရောင်းချပါက ဘတ် ၈,၀၀၀ ထိ ရကြကာ ဒီအလုပ် လုပ်လာတာ ၁ နှစ်လောက်ရှိပြီလို့ ဝန်ခံထားပါတယ်။
တာဝန်ရှိသူတွေက နိုင်းကစ်သီဝပ် (၄၂ နှစ်)၊ နိုင်းထနဝပ် (၃၁ နှစ်) နဲ့ နိုင်းဆတဝပ် (၃၅ နှစ်) တို့ ၃ ယောက်လုံးကို နည်းပညာဆိုင်ရာ ရာဇဝတ်မှုဥပဒေနဲ့ အရေးယူဖို့ ဖမ်းဆီးထားပြီး သူတို့ ဆက်စပ်နေတဲ့သူတွေ၊ နောက်ကွယ်က အဓိက ကြိုးကိုင်နေသူတွေကို ဆက်လက်စုံစမ်း ဖမ်းဆီး အရေးယူသွားမယ်လို့ ပြောသွားပါတယ်။
Source: Workpoint News / AEC Thai News











