မရမ်းကုန်းတွင် အွန်လိုင်းငွေလိမ်ကျားဖြန့် လုပ်ကိုင်သူ ၁၀၅ ဦး ဖမ်းမိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု ကျူးလွန်သူ ၁၀၅ ယောက်ကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင်ပြန်ကြားရေးက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
မရမ်းကုန်းမြို့နယ်အတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေရာမှာ နိုဝင်ဘာ ၂၀ ရက် ည ၁၁ နာရီလောက်မှာ မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မစိုးရိမ်ကျောင်းလမ်း အမှတ် (၁၉-A) နေအိမ်အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ကျန်ယွီထုံး အပါအဝင် အမျိုးသား ၂၅ ယောက်၊ အမျိုးသမီး ၈ ယောက်၊ ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၄၆ ယောက်၊ အမျိုးသမီး ၂၄ ယောက်၊ စုစုပေါင်း ၁၀၅ ယောက်ကို ကွန်ပျူတာ ၆၉ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၂၃ လုံး၊ wifi စက်ငါးလုံးတို့နဲ့ အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါရပ်ကွက်အတွင်း တာဝန်ရှိသူတွေက စုံစမ်းရှာဖွေဖော်ထုတ်စစ်ဆေးခဲ့တာမှာ မစိုးရိမ်ကျောင်းလမ်း အိမ်အမှတ် (၄၃/၁) မှာလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာတလုံးနဲ့ လက်ကိုင်ဖုန်းမျိုးစုံ ၁၂၁ လုံးအား ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အွန်လိုင်းငွေလိမ်လုပ်ကိုင်သူတွေဟာ ၂၀၂၆ ခုနှစ် မေလကစလို့ အဆိုပါနေရာမှာ တရုတ်နိုင်ငံသုံး Application တွေသုံးကာ ငွေကြေးလိမ်လည်ခဲ့ပြီး ဝန်ထမ်းတွေက လစာ ယွမ် ၅,၀၀၀ လောက်ပဲရတယ်လို့ ဆိုပါတယ်။
ဒီလုပ်လုပ်ဖို့ Telegram ကနေတဆင့် တရုတ်စကားပြောနိုင်သူတွေကိုရွေးချယ်ပြီး နေ့စဉ်မနက် ၈ နာရီမှ ည ၈ နာရီအထိ လုပ်ကိုင်ရကာ လုပ်ငန်းတာဝန်ခွဲဝေမှုအနေနဲ့ ငွေကြေးလိမ်လည်ရေးအဖွဲ့၊ အဆောက်အအုံ စောင့်ရှောက်ရေးအဖွဲ့၊ အစားအသောက်ပစ္စည်း ပေးအပ်ရေးအဖွဲ့နဲ့ ထမင်းချက်အဖွဲ့ဆိုပြီး ၄ ဖွဲ့ဖွဲ့ကာ လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို ထိရောက်ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကလည်း တရုတ်နိုင်ငံက ဆုငွေထုတ်ထားသူတယောက် အပါအဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်နေသူ အယောက် ၁၀၀ ကျော်ကို ရန်ကုန်၊ သာကေတမြို့နယ်မှာ ဖမ်းမိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းမယ်လို့ စစ်အာဏာရှင်က ကြွေးကြော်ထားပေမဲ့ ဒီလုပ်ငန်းတွေဟာ နယ်စပ်ဒေသတွေမှာသာမက ရန်ကုန်နဲ့ မန္တလေးလို မြို့ ကြီးတွေမှာပါ ပေါ်ပေါ်တင်တင် လုပ်ကိုင်လာနေကြတာဖြစ်ပါတယ်။











