
မြန်မာ-ထိုင်း နယ်စပ်တလျှောက် တရုတ်နိုင်ငံသားတွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ အွန်လိုင်းငွေလိမ် ကျားဖြန့် စင်တာ ၇ ခုလောက်မှာ ဖိလစ်ပိုင်နိုင်ငံသား အယောက် ၁,၅၀၀ နီးပါး ပိတ်လှောင်ခံထားရပြီး ထွက်ပြေးဖို့ ကြိုးစားသူတွေနဲ့ အကူအညီတောင်းခံသူတွေ ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံရတယ်လို့ ဖိလစ်ပိုင်အစိုးရ အရာရှိဟောင်းရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဖိလစ်ပိုင် BNC သတင်းဌာနက ဖော်ပြပါတယ်။
ဖိလစ်ပိုင်သမ္မတရုံးရဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးကော်မရှင် (PAOCC) ပြောရေးဆိုခွင့်ရှိသူဟောင်း ဝင်စတန် ကာစီယိုက လူပေါင်း ၁၀,၀၀၀ ကျော်လောက် ပိတ်မိနေတဲ့ အဲဒီနယ်စပ်က ကျားဖြန့် စင်တာတွေထဲမှာ ဖိလစ်ပိုင်ဓားစာခံ အနည်းဆုံး ၃၄ ယောက်နဲ့ Telegram နဲ့ WhatsApp တို့ ကနေတဆင့် လျှို့ဝှက်အဆက်အသွယ် ရထားတယ်လို့ ဆိုပါတယ်။
“သူတို့ ဖုန်းကို ခိုးသုံးလို့ရတဲ့ မနက်အစောပိုင်းအချိန်တွေမှာပဲ ကျနော်တို့ နေ့တိုင်းလိုလို တိတ်တဆိတ် စကားပြောဖြစ်ကြပါတယ်” လို့ ကာစီယိုက ပြောပါတယ်။
သူတို့ ထွက်ပြေးဖို့ ကြိုးစားတာမျိုး၊ ဖိလစ်ပိုင်သံရုံးကို ဆက်သွယ်အကူအညီတောင်းတာမျိုး လုပ်မိရင် အညိုအမည်း စွဲအောင် ရိုက်နှက်ခံရပြီး တချို့ဆိုရင် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတာကြောင့် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေကြောင့် ပိတ်မိနေသူတွေရဲ့ မိသားစုဝင်တွေကလည်း အစိုးရအနေနဲ့ အမြန်ဆုံး ကယ်ထုတ်ပေးဖို့ ငိုယိုတောင်းပန်နေကြပါတယ်။
ဂျီနာလို့ အမည်ရတဲ့ မိခင်တယောက်က “ကျမတို့ကို သနားကြပါဦး။ အချိန်မနှောင်းခင်၊ ကျမကလေး အသက်ရှင်နေတုန်းလေးမှာ အိမ်ပြန်ခေါ်ပေးကြပါရှင်” လို့ အသနားခံ ပြောဆိုပါတယ်။
ကာစီယိုရဲ့ ပြောကြားချက်အရ ဒီကျားဖြန့်ဂိုဏ်းတွေကို တရုတ်ရာဇဝတ်ဂိုဏ်းတွေက လုပ်ကိုင်နေတာ ဖြစ်ပြီး၊ ကရင်နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော် (KNA) က အကာအကွယ်ပေးထားတယ်လို့ ဆိုပါတယ်။
Justice For Myanmar အဖွဲ့ရဲ့ ၂၀၂၅ ခုနှစ် မတ်လအစီရင်ခံစာမှာ မြန်မာစစ်တပ်နဲ့ သူတို့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ဟာ Apollo Park၊ Yatai New City၊ KK Park နဲ့ Yulong Bay Park တို့လို ကျားဖြန့်ဝင်းကြီးတွေကနေ အကျိုးအမြတ်တွေ ရယူနေတယ်လို့ ဖော်ပြထားပြီး၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်အရ Apollo Park ထဲမှာ ဖိလစ်ပိုင်နိုင်ငံသားတွေ အများဆုံးဖမ်းဆီးခံထားတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်သမ္မတ မားကို့စ် အနေနဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပြီး ဒေသတွင်း ပူးပေါင်းတိုက်ဖျက်ဖို့နဲ့ တရုတ်နိုင်ငံကို တရုတ်ရာဇဝတ်သားတွေရဲ့ လုပ်ရပ်အတွက် တာဝန်ခံခိုင်းဖို့ ကာစီယိုက တိုက်တွန်းလိုက်ပါတယ်။
တဘက်မှာတော့ ဖိလစ်ပိုင် ရွှေ့ပြောင်းအလုပ်သမားရေးရာဌာန (DMW) ဝန်ကြီး ဟန်စ်လီယို ကက်ဒက်က ပြီးခဲ့တဲ့ ၂ လအတွင်း မြန်မာနိုင်ငံထဲက ဖိလစ်ပိုင်နိုင်ငံသား ၉၀ လောက်ကို ကယ်တင်ခေါ်ယူနိုင်ခဲ့ပြီး ကျန်နေတဲ့ ဖိလစ်ပိုင်တွေ လွတ်မြောက်ရေးအတွက်လည်း မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်က ပြည်ပအလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေက မယုံနိုင်လောက်အောင် လစာကောင်းပေးမယ်ဆိုတဲ့ သံသယဖြစ်ဖွယ် အလုပ်ခေါ်စာတွေကို အထူးသတိထားကြဖို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
Source: BNC











