DVB Logo
Home
နိုင်ငံတကာ

ပတ္တယားတွင် ဘတ်သန်း ၄၀၀ ကျော်လိမ်ခဲ့သည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်အပါ ၄ ဦး ဖမ်းမိ 

DVB
·
November 20, 2026
Photo : ပတ္တယားဒေသတွင်း သတင်း 
Photo : ပတ္တယားဒေသတွင်း သတင်း 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ပတ္တယားကမ်းခြေမြို့မှာ  ထိုင်းနဲ့ ထိုင်ဝမ်နိုင်ငံက ကျားဖြန့် လိမ်လည်မှုနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ဘတ်သန်း ၄၀၀ လိမ်လည်ခဲ့သူ ဂိုဏ်းခေါင်းဆောင် ထိုင်ဝမ်သားနဲ့ အဖွဲ့ဝင် တရုတ် ၃ ယောက်တို့ကို ဖမ်းဆီးရမိပြီလို့  ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။ 

နယ်မြေထဲမှာ  Hybrid Scam အွန်လိုင်းလိမ်လည်မှုဂိုဏ်းကို နှိမ်နင်းဖို့အတွက်  ထိုင်းလဝက ဒုရဲချုပ် နုပ်ဖဆင် ဖူးလ်ဆဝပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၁၇ ၇က်က ချွန်းပူးရီးခရိုင် ပတ္တယားမြို့နဲ့ ဘန်လမွန်းမြို့ရှိ သတင်းရထားတဲ့ နေရာ ၄ နေရာကို ဝင်ရောက်စီးနင်းပြီး ဖမ်းဝရမ်း ထုတ်ထားတဲ့ တရားခံ ၄ ယောက်ကို သွား‌ရောက်ဖမ်းဆီးခဲ့တယ်။ 

အဆိုပါ ၄ ယောက်ထဲက အဓိက ခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၃ နှစ်ရွယ်ရှိ  ထိုင်ဝမ်နိုင်ငံသား  Mr. CHI CHIEN CHEN ဟာ အတွင်းခံဘောင်းဘီနဲ့ အနောက်ဘက်ပြူတင်းပေါက်မှ ဝရမ်တာကို ကျော် ဖြတ်ပြီး နောက်တခန်းကို ကူးပြောင်း တိမ်းရှောင်ဖို့ ကြိုးစားပေမဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းပိတ်ဆို့ မှုကြောင့် နောက်ဆုံးတော့ အဖမ်းခံလိုက်ရပါတယ်။ 

နောက်ထပ် ၃ ယောက်မှာ တရုတ်နိုင်ငံသား Mr. JUNCHAO LIU ( ၂၇ နှစ် )၊ Mr. YABIN TU ( ၂၆ နှစ် ) နဲ့ Mr. HAIFENG LIU  (၃၅ နှစ်) တို့ဖြစ်ပြီး သူတို့ဆီကနေ အီလက်ထရောနစ်ပစ္စည်းတွေ၊ မိုဘိုင်းဖုန်း ၃၆ လုံး၊ ကွန်ပြူတာ ၃ လုံး၊ အိုင်ပက် ၁ လုံးနဲ့ ဥတ္တရဒစ် ခရိုင် လဝက တံဆိပ်တုံးအတု ၂ ခုကိုပါ သိမ်းဆည်းခဲ့ပါတယ်။ 

ဒီစစ်ဆင်ရေးဟာ နိုဝင်ဘာ ၉ ရက်က ပတ္တယားမြို့လယ်ရှိ Hybrid Scam လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုကို ဖမ်းဆီးရမိပြီး ကွင်းဆက်တွေစုံစမ်းဖော်ထုတ်တာရော၊ နိုဝင်ဘာ ၁၄ ရက်က အသက် ၁၉ နှစ်ရွယ် တရုတ်ကျောင်းသားတယောက်ဆီက ဘတ် ၁၀ သန်း ပြန် ပေးဆွဲ တောင်းခံခြိမ်းခြောက်မှုတွေနဲ့ပါ ဆက်စပ်ပြီး   နောက်ဆက်တွဲ ဆက်လက်နှိမ်နင်းမှု ဖြစ်တယ်လို့ လဝက ဒုရဲချုပ် နုပ်ဖဆင်က ပြောပါတယ်။ 

ဒီဂိုဏ်းဟာ SOUL လို့ ခေါ်တဲ့ အပလီကေးရှင်းကနေ သားကောင်တွေကို ရှာဖွေပြီး ငွေ လိမ်နေတာဖြစ်တယ်၊ သူတို့တွေဟာ သားကောင်တွေကို ရက်ပေါင်း ၂၀ - ၃၀ ထိ အချိန်ယူရင်းနှီးမှုနဲ့ ယုံကြည်မှု တည်ဆောက်တယ်၊ အဲဒီနောက် ဖူးစာရှင်ရှာပေးခြင်း၊ ခရစ်ပ်တိုငွေ ကြေးရင်းနှီးခြင်း စတဲ့ လုပ်ငန်းအတုအယောင်နဲ့ ငွေလိမ်တယ်၊ USDT ဒစ်ဂျစ်တယ်ငွေကြေးနဲ့  လွှဲပြောင်းထည့် ဝင်ရတဲ့ ရင်းနှီးမြှုပ်နှံမှု App အတုမှာ  အကောင့်ဖွင့်ဖို့  ဖြားယောင်းသွေးဆောင်ပြီး စနစ်ထဲကို ငွေဝင်သွားတာနဲ့ ပြန်ထုတ်လို့ မရတော့ဘဲ လိမ်ယူလိုက်တယ်။ သူတို့ဂိုဏ်းဟာ အခုလို လှုပ်ရှားနေတာ ၃ နှစ်လောက် ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံက ဘဏ်အကောင့်တွေအပါအဝင် ဘတ်သန်းပေါင်း ၄၀၀ ကျော် လိမ်လည်ရယူခဲ့တယ်လို့ ဆိုပါတယ်။

ကိုယ်ရေးရာဇဝင်တွေ စစ်ဆေးချက်အရ ဂိုဏ်‌ခေါင်းဆောင် Mr. CHI CHIEN CHEN မှာ ဖမ်းဝရမ်း ၈ ခု ထုတ်ခံထားရတယ်။ ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ နိုင်ငံကူးလက်မှတ် လိမ်လည်မှု အပါအဝင် ထိုင်းနိုင်ငံက ဝရမ်း ၇ ခုနဲ့ ထိုင်ဝမ်နိုင်ငံက ၁ ခုဖြစ်ပြီး အားလုံးဟာ လိမ်လည် မှုတွေချည်းဖြစ်တယ်။ သူဟာ ထိုင်းမှာ နေထိုင်ခွင့် ဗီဇာသက်တမ်းကျော်လွန်နေတာ ရက်ပေါင်း ၁,၄၅၆ ရက်ရှိပြီဖြစ်ပြီး အမည်ပျက်စာရင်းနဲ့ ပြည်ဝင်ခွင့်ပိတ်ခံထားရသူလည်း ဖြစ်တယ်။

Mr. HAIFENG LIU ကတော့ ဗီဇာသက်တမ်း ရက်ပေါင်း ၂,၄၄၁ ရက် (၇ နှစ်နီးပါး) ကျော်လွန်နေပြီဖြစ်တယ်။  Mr. YABIN TU ကတော့ လက်ရှိ ဘာသာစကား သင်တန်းကျောင်းသား ဗီဇာနဲ့ နေထိုင်ပြီး  တရုတ်နိုင်ငံက  ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ် တယ်လို့   ထိုင်းလဝက ဒုရဲချုပ်က ပြောပါတယ်။ 

Source: Thairath / ပတ္တယားဒေသတွင်း သတင်း 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013