
တရုတ်နိုင်ငံက ဆုငွေထုတ်ထားသူတယောက် အပါအဝင် ကျားဖြန့် အွန်လိုင်းငွေလိမ်နေသူ အယောက် ၁၀၀ ကျော်ကို ရန်ကုန်၊ သာကေတမြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ စစ်အာဏာရှင်ဝါဒဖြန့် မီဒီယာတွေမှာ နိုဝင်ဘာ ၁၃ ရက်က ဖော်ပြပါတယ်။
တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ လုံကျန်းပြည်သူ့လုံခြုံရေးဗျူရိုက ဆုငွေထုတ် ပြန်ထားတဲ့ တရားခံ ၄၃ ယောက်စာရင်းမှာပါတဲ့ ဆူးဖုချွမ် ရောက်ရှိနေပြီး အွန်လိုင်း လိမ်လည်လောင်းကစား လုပ်ကိုင်နေတဲ့သတင်းအရ ပူးပေါင်းအဖွဲ့တွေက စုံစမ်းရှာဖွေဖော်ထုတ် ခဲ့တာမှာ နိုဝင်ဘာ ၁၂ ရက် ည ၁၁ နာရီလောက်က သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော် အိမ်ရာဝင်းထဲက ကွန်ဒိုခန်းတွေမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
ပြင်င်ဦးလွင်မြို့နေ ဒေါ်မြတ်ဇင်ဦးနဲ့ တရုတ်နိုင်ငံသား Mr. Huo တို့ ပိုင်ဆိုင်တဲ့ Golden River Residence Condo အခန်းအမှတ် ၁၁၀၊ ၃၀၁၊ ၃၀၂၊ ၃၀၆၊ ၃၀၇၊ ၃၁၀၊ ၅၀၅၊ ၅၀၉ နဲ့ ၅၁၀ တို့ကနေ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ဆူးဖုချွမ်အပါအဝင် တရားမဝင် တရုတ်အမျိုးသား ၄၈ ယောက်၊ အမျိုးသမီး ၄ ယောက်၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၈ ယောက်၊ မြန်မာနိုင်ငံသား အမျိုးသား ၃၁ ယောက်၊ အမျိုးသမီး ၁၅ ယောက်၊ စုစုပေါင်း ၁၀၆ ယောက်တို့ကို ဖမ်းမိတယ်လို့ ဆိုပါတယ်။
သူတို့နဲ့အတူ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာမှာသုံးတဲ့ ကွန်ပျူတာ ၁၂၁ လုံး၊ Laptop ၅ လုံး၊ Server ၁ လုံး၊ ဖုန်းမျိုးစုံ အလုံး ၁၉၀၊ Wifi စက် ၇ လုံး၊ Router ၂ လုံး၊ မြန်မာနိုင်ငံသား PassPort စာအုပ် ၅ အုပ်၊ တရုတ်နိုင်ငံသား PassPort စာအုပ် ၂ အုပ်၊ KBZ ဘဏ်စာအုပ် ၄ အုပ်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို စိစစ်မေးမြန်းမှုတွေအရ အွန်လိုင်းငွေကြေးလိမ်လည်ရာမှာ ဟန်တုပ်၊ ပိုင်ရစ်၊ အာထန်၊ တာဟိုက်နဲ့ စုကျင်ဆိုတဲ့ အဖွဲ့ ၅ ဖွဲ့ ဖွဲ့စည်းထားကြောင်း၊ အဖွဲ့တိုင်းက ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တို့က ဦးဆောင်ပြီး Kaqpo အကောင့်နဲ့ Telegram အကောင့်တွေ ဖွင့်လှစ်လုပ်ကိုင်ကြောင်း၊ Kaqpo အကောင့်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့မှာ နေထိုင်တဲ့ပစ်မှတ်တွေနဲ့ Member Group ဖွဲ့ပေးထားပြီး တရုတ်စာနဲ့ပဲ ရေးသားပြောဆိုတယ်လို့ ဆိုပါတယ်။
ပထမအဆင့်မှာ ပစ်မှတ်ထားခံရသူတွေကို အမျိုးသမီးပုံတွေပို့ပြီး သူတို့ကြိုက်မဲ့ အသက်အရွယ်၊ အပျို/အိမ်ထောင်သည် စတာတွေကို မေးမြန်းတယ်လို့ ဆိုပါတယ်။
ပစ်မှတ်ထားခံရသူတွေ ပြန်ပေးပို့လာရင် သူတို့နေထိုင်တဲ့ မြို့နယ်နဲ့ Location တို့ကို တောင်းယူပြီး အမျိုးသမီးတွေနဲ့ ပျော်ပါးနိုင်ကြောင်း ဓာတ်ပုံတွေပေးပို့ စည်းရုံးကြောင်း၊ ဒုတိယအဆင့်အနေနဲ့ ပစ်မှတ်ထားခံရသူတွေကို Member ဝင်ရောက်ဖို့ စည်းရုံးပြောဆိုပြီး ဝင်ရောက်မယ်ဆိုရင် Ali Pay နဲ့ Wechat Pay QR ကုတ်တို့ကို ပို့ပြီး တရုတ်ငွေ ၁၀ ယွမ် လွှဲခိုင်းကြောင်း၊ ငွေလွှဲရောက်ရင် VIP အကောင့်ဖွင့်ဖို့ ကုတ်နံပါတ်ပို့ပေးလိုက်ပြီး အဖွဲ့ခေါင်းဆောင်ရဲ့ Kaqpo အကောင့်ဆီကို ဆက်သွယ်စေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် အဖွဲ့ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တွေက ပျော်ပါးနိုင်တဲ့ အမျိုးသမီးနဲ့ ဆက်သွယ်ပေးမယ်ဆိုပြီး ပစ်မှတ်ထားခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ အလုပ်အကိုင် တို့ကို ပေးပို့စေပြီး အဲဒီ အမျိုးသမီးနဲ့ Group ဖွဲ့ပေးဖို့ Member ကြေး တရုတ်ငွေ ၇၂ ယွမ် လွှဲစေခဲ့ကြောင်း၊ ငွေရရှိအတည်ပြုပြီးရင် အကျိုးအမြတ်ဆိုပြီး ၈ ယွမ် ထပ်ပေါင်းလို့ တရုတ်ငွေ ၈၀ ယွမ်ကို ပစ်မှတ်ထားခံရသူတွေဆီ ပြန်လွှဲပေးခဲ့ကြောင်း၊ တတိယအဆင့်အနေနဲ့ တရုတ်ငွေ ၂၀၁ ယွမ် ပေးသွင်းရင် ၂၂၃ ယွမ်၊ တရုတ်ငွေ ၄၀၁ ယွမ် ပေးသွင်းရင် ၄၂၅ ယွမ်၊ တရုတ်ငွေ ၆၀၁ ယွမ် ပေးသွင်းရင် ၆၆၂ ယွမ်ရမယ်လို့ မက်လုံးပေးစည်းရုံးပြောဆိုပြီး တဘက်က လွှဲပေးတဲ့ ယွမ်ငွေအပေါ် အကျိုးအမြတ်ရရှိငွေတွေကို တပေါင်းတည်း ပြန်လွှဲပေးခဲ့ကြောင်း၊ ယုံကြည်အောင် ဆက်လက် စည်းရုံးပြောဆိုပြီး စတုတ္ထအဆင့်အနေနဲ့ ပစ်မှတ်ထားခံရသူတွေက လောဘတက်လို့ ငွေကြေးအမြောက်အမြားထည့်ဝင်လာတဲ့အခါမှာတော့ ပြန်မပေးတော့ဘဲ လိမ်လည်ရယူကြောင်း၊ ပစ်မှတ်ထားခံရသူတယောက်စီဆီက အများဆုံး တရုတ်ငွေ ၄၈,၀၀၀ ယွမ်အထိ လိမ်လည်ရယူနိုင်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
အွန်လိုင်းက ဈေးရောင်းဈေးဝယ် လိမ်လည်တဲ့ပုံစံကတော့ အဖွဲ့ဝင် ၇ ယောက်ပါတဲ့ Telegram Group ၃ ခုဖွဲ့ထားပြီး ဘရာဇီးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံနေပစ်မှတ်တွေကို အဓိကထားပြီး ဈေးဝယ် Website အတုတွေဖြစ်တဲ့ www.amazonexotic.com နဲ့ www.falabella.com တို့ကို အသုံးပြု လိမ်လည်ကြတာလို့ ဆိုပါတယ်။
အဲဒီဝက်ဘ်ဆိုက်အတုတွေမှာ တင်ထားတဲ့ ကုန်ပစ္စည်းတွေကို Like ပြုလုပ်ရုံနဲ့ ဘရာဇီးနိုင်ငံနဲ့ ကိုလံဘီယာနိုင်ငံငွေ ၁၀,၀၀၀ ကို ကနဦးပေးပြီး နောက်အဆင့် တက်ဖို့အတွက် Telegram Group ထဲကို ထည့်ပေးပြီး ဝက်ဘ်ဆိုက်အတုတွေမှာ ရောင်းချဖို့ Post တင်ထားတဲ့ ကုန်ပစ္စည်းတွေကို နောက်ထပ် Like ၃ ကြိမ်လုပ်ရင် ဘရာဇီးနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံငွေ ၁၃,၀၀၀ ထပ်ပေးတယ်လို့ ဆိုပါတယ်။
အဲဒီနောက် VIP Telegram Group ထဲကိုထည့်လိုက်ပြီး Member ဝင်ဖို့အတွက် မြှူဆွယ်တာ၊ Member ဝင်ဈေးဝယ်ရင် ဈေးဝယ်တဲ့ ကုန်ကျငွေအပြင် Member ကြေး ၂၀ ရာခိုင်နှုန်း ထပ်ဆောင်းပေးတာ၊ ထပ်ပြီး Member ဝင်ရင် Member ကြေး ၆၀ ရာခိုင်နှုန်းအထိ ထပ်ဆောင်းပေးမယ်လို့ မက်လုံးပေးမြှူဆွယ်ပြီး Member ကြေးတွေကို လိမ်တာလို့ ဆိုပါတယ်။
အခု ဖမ်းမိထားသူတွေကို လိုအပ်တဲ့ စစ်ဆေးတာတွေပြီးရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။











