
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ တရုတ်ခဲသတ္တုတွင်းက အဆိပ်တွေဟာ ဒေသခံတွေ အသုံးပြုနေတဲ့ နမ့်တွန်ချောင်းနဲ့ နမ့်ဟုတ်မြစ်ထဲ စွန့်ထုတ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါ ခဲသတ္တုတူးဖော်ရေးလုပ်ငန်းဟာ တာချီလိတ်မြို့ မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုး ကျေးရွာအုပ်စုထဲမှာ တည်ရှိပြီး မြေအောက်ဥမင် အရှည် ၃-၄ မိုင်လောက် တူးဖော် ထုတ်လုပ်နေတာပါ။
ခဲသတ္တုအရိုင်းတွေကို မြေပြင်ပေါ်မှာ စက်တွေနဲ့ ဓာတုဗေဒနည်းတွေနဲ့ ချေဖျက်သန့်စင်ပြီး ခဲရိုင်းတွေကို သီးခြားခွဲထုတ်ရာမှာ အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းတွေ အထူးသဖြင့် Xanthates ဟာ အလွန်အမင်း အဆိပ်အတောက် ဖြစ်စေတယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းက ထွက်လာတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေဟာ ဒေသခံတွေ အသုံးပြုနေတဲ့ နမ့်တွန်ချောင်းထဲ စီးဝင်တာကြောင့် ငါးနဲ့ တခြား ရေနေသတ္တဝါတွေ သေကျေပျက်စီးတာ၊ ရေကို အသုံးပြုတဲ့ ရွာသားတွေမှာ အရေပြားရောဂါရတာတွေ ရှိနေတယ်၊ ကိုယ်ဝန်ပျက်ကျတာနဲ့ မွေးရာပါ ချို့ယွင်းချက်ရှိ ကလေးငယ်မွေးဖွားမှုနှုန်း ပိုများလာတယ်၊ နမ့်တွန်ချောင်းရေနဲ့ ရေသွင်းစိုက်ပျိုးထားတဲ့ သီးနှံတွေမှာလည်း အဆိပ်ဓာတ်သက်ရောက်မှုတွေ ရှိမှာကို ရွာသားတွေက စိုးရိမ်မကင်း ဖြစ်နေကြတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ နမ့်တွန်ချောင်းရေကို သောက်သုံးပြီးတဲ့နောက် ကျွဲ၊ နွားနဲ့ ဝက်တွေ ရုတ်တရက် သေဆုံးခဲ့တယ်၊ ပိုင်ရှင်တဦးတည်းရဲ့ ကျွဲအကောင်ရေ ၂၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ခဲဓာတ်နဲ့ ထိတွေ့ခြင်းဟာ အလွန်အန္တရာယ်များတယ်၊ ကိုယ်ဝန်ဆောင် သန္ဓေသား ထိခိုက်စေနိုင်ပြီး ကလေးသူငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတယ်၊ ကျောက်ကပ်၊ နှလုံးနဲ့ သွေးကြောစနစ်၊ အာရုံကြောနဲ့ မျိုးပွါးအင်္ဂါတွေ ပျက်စီးစေနိုင်တယ်။
နမ့်တွန်ချောင်းရေဟာ ထိုင်း-မြန်မာနယ်စပ် နမ့်ဟုတ်မြစ်ထဲကို စီးဝင်တာကြောင့် နမ့်ဟုတ်ချောင်းကို အမှီသဟဲပြုနေတဲ့ နှစ်နိုင်ငံနယ်စပ်နေ ပြည်သူတွေအတွက်ပါ စိုးရိမ်မကင်း ဖြစ်စေတယ်။
လက်ရှိ အဲဒီလုပ်ငန်းကို စိန်နော် သတ္တုတူးဖော်ရေးကုမ္ပဏီက ဆောင်ရွက်နေတာဖြစ်ပြီး မန်နေဂျင်းဒါရိုက်တာမှာ အရင်က UWSA ‘ဝ’ တပ်ဖွဲ့ဝင် အိုက်ကျင်းဖြစ်တယ်၊ လက်ရှိမှာ သူ့ဇနီး ဖြစ်တယ်၊ ဒါပေမဲ့ သတ္တုတွင်း စီမံခန့်ခွဲသူတွေ နည်းပညာဝန်ထမ်းတွေဟာ တရုတ်အမျိုးသားတွေ ဖြစ်ပြီး ပိုင်ရှင်အစစ်မှာ တရုတ်နိုင်ငံကလို့ ဆိုပါတယ်။
သတ္တုတွင်းကို UWSA တပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူ စောင့်ကြပ်ပေးပြီး ပြင်ပလူဝင်ရောက်တာကို တင်းကျပ်စွာ တားမြစ်ထားတယ်။
ဒီနှစ် ဇူလိုင်က သတ္တုတူးဖော်ရေးလိုဏ်ခေါင်း ပြိုကျတာကြောင့် သတ္တုတွင်းလုပ်သား ၂၀ လောက် သေဆုံးခဲ့ပေမဲ့ တာဝန်ရှိသူတွေက သတင်းကို ဖုံးဖိထားခဲ့တယ်။
ခွဲထုတ်ပြီးတဲ့ သတ္တုတွေကို အိတ်ထဲထည့်ပြီး ၆ ဘီးကားတွေနဲ့ အေဒင်ရွာက UWSA ပိုင် ဂိုဒေါင်မှာ ထားရှိတယ်၊ အဲဒီကနေ ၂၄ ဘီးကားကြီးတွေနဲ့ ထပ်တင်ပြီး မယ်ဆိုင်မြစ်ကူးတံတား အမှတ် ၂ ကနေ ထိုင်းနိုင်ငံထဲ သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: SHRF











