DVB Logo
Home
နိုင်ငံတကာ
ဝါရှင်တန်၌ ဓာတုဗေဒကန် ပေါက်ကွဲမှုကြောင့် သေဆုံးသူမြင့်တက်၊ ၉ ဦး ပျောက်ဆုံး
DVB
·
May 28, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်မှာရှိတဲ့ နစ်ပွန် ဒိုင်နာဝေ့ဗ် ထုပ်ပိုးမှုလုပ်ငန်းစက်ရုံက ဓာတုဗေဒကန် တခုဟာ မေ ၂၆ ရက်က အတွင်းဘက်ကို ပေါက်ကွဲပြီး အက်ကွဲသွားခဲ့တာကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး ကိုလံဘီယာမြစ်ထဲကို ညစ်ညမ်းရေတွေ ရောက်ရှိသွားခဲ့ တယ်ဆိုတာ စစ်ဆေးမှုတွေအရ အတည်ပြုနိုင်ခဲ့ကြောင်း မီးသတ်ဌာန တာဝန်ရှိသူတွေက မေ ၂၇ ရက်မှာ ပြောပါတယ်။

အဲဒီဖြစ်ရပ် ဖြစ်ပွားအပြီးမှာ လူ ၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရုပ်အလောင်း ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို မေ ၂၇ ရက် အစောပိုင်းကတည်းက စတင်ခဲ့ပေမဲ့ နှေးကွေးနိုင်တယ် လို့ တာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ရမဲ့ ပတ်ဝန်းကျင်အခြေအနေဟာ “အလွန်အမင်း အန္တရာယ်များနေဆဲ” ဖြစ်တယ်လို့ လောင်းဗျူး မီးသတ်ဌာနရဲ့ တပ်ရင်းမှူး မတ် အာမော့စ်က ပြောပါတယ်။

“ဒီမနက်ကစပြီးတော့ ဒီဖြစ်စဉ်ကို အသက်ကယ်ဆယ်ရေးကနေ ရုပ်အလောင်း ရှာဖွေ ကယ်ဆယ်ရေးအဆင့်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်” လို့ ကောင်းလစ်ဇ်တူး မီးသတ်ဦးစီးမှူး စကော့ ဂိုးလ်စတိန်းက ပြောပါတယ်။

ရုပ်အလောင်း ရှာဖွေကယ်ဆယ်ရေးမှာ ကူညီနိုင်ဖို့အတွက် နောက်ထပ်နည်းလမ်း စွမ်းရည်တွေကို တာဝန်ရှိသူတွေက ရှာဖွေသွားမယ်လို့လည်း ဆိုပါတယ်။

အဲဒီကန်ထဲမှာ စက္ကူပျော့ဖတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆိုဒီယမ် ဟိုက်ဒရော့ဆိုဒ်နဲ့ ဆိုဒီယမ် ဆာလဖိုက်တို့ ပေါင်းစပ်ထားတဲ့ “ဝှိုက် လစ်ကာ” လို့ခေါ်တဲ့ အဖြူရောင် ဓာတုဗေဒဆေးရည်တွေ ပါဝင်ပါတယ်။

အကြမ်းဖျင်းအားဖြင့် အရည်ဂါလန်ပေါင်း ၅၅၀,၀၀၀ ကနေ ၅၇၀,၀၀၀ လောက်ဟာ ကန်ထဲကနေ စီးထွက်သွားခဲ့ကာ တချို့အရာဝတ္ထုတွေကတော့ ကန်ထဲမှာ ကျန်ရှိနေဆဲဖြစ်ပြီး တဖြည်းဖြည်း ဆက်လက်ယိုစိမ့်နေတယ်လို့ ဂိုးလ်စတိန်းက ပြောပါတယ်။

ရေနမူနာတွေကို စစ်ဆေးကြည့်ရာမှာ မနေ့က နေ့ခင်းပိုင်းအတွင်း ညစ်ညမ်းမှုတွေ ကိုလံဘီယာ မြစ်ထဲ ရောက်ရှိသွားခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ လေထုအရည်အသွေး ဒါမှမဟုတ် လောင်းဗျူးမြို့ရဲ့ သောက်သုံး ရေစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှု တစုံတရာ မတွေ့ရသေးဘူးလို့လည်း ဆိုပါတယ်။

တာဝန်ရှိသူတွေက ပြည်သူတွေကို အဲဒီဧရိယာရဲ့ တချို့နေရာတွေနဲ့ ဝေးဝေးမှာနေဖို့ သတိပေး ထားပြီး ငါးကြင်းကောင်ရေ တဒါဇင်လောက် သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013