အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေကို ဩဂုတ် ၂၃ ရက်မှာ Freedom 250 Grand Prix IndyCar ပြိုင်ပွဲနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဒီပြိုင်ပွဲဟာ ဝါရှင်တန်ဒီစီ လမ်းမတွေပေါ် ပထမဆုံးကျင်းပတဲ့ IndyCar Grand Prix ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်ပ် တို့က ပြိုင်ပွဲမစခင် The Beast လို့ခေါ်တဲ့ သမ္မတကားနဲ့ ပြိုင်ကွင်းတပတ် အထိမ်းအမှတ် မောင်းနှင်ခဲ့ပါတယ်။
အဲဒီအချိန်မှာ သမ္မတလေယာဉ် Air Force One နဲ့ F-35 တိုက်လေယာဉ် လေးစင်းက ပြိုင်ကွင်းအပေါ်ကနေ အထိမ်းအမှတ် ပျံသန်းခဲ့ပါတယ်။
အဲဒီနောက် ထရမ့်ပ်က အစိမ်းရောင်အလံကို ဝှေ့ယမ်းပြီး ပြိုင်ပွဲကို ဖွင့်ပေးခဲ့ပေမဲ့သူ ရှိနေတဲ့နေရာက ပထမအကွေ့ကို ကျော်လွန်နေတာကြောင့် ပြိုင်ကားတွေဟာ ပထမအကွေ့ကို ဖြတ်ပြီးမှ ပြိုင်ပွဲတရားဝင် စတင်ခဲ့ရတာ ထူးခြားပါတယ်။
ပြိုင်ကားတွေဟာ National Mall၊ Pennsylvania Avenue နဲ့ National Archives အနီးက ဝါရှင်တန်ရဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေကို ဖြတ်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။
၁ ဒသမ ၇ မိုင်ရှည်တဲ့ လမ်းမပြိုင်ကွင်းမှာ ၁၄၇ ပတ် ယှဉ်ပြိုင်ခဲ့တာကြောင့် စုစုပေါင်း မိုင် ၂၅၀ ရှိပြီး ဒါဟာ အမေရိကန် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒီပွဲမှာ အမေရိကန်ယာဉ်မောင်း ကိုင်လ် ကာ့ခ်ဝုဒ်က အနိုင်ရခဲ့ပြီး သူ့ရဲ့ IndyCar ကစားသမားဘဝ သတ္တမမြောက် အောင်ပွဲဖြစ်သလို ဝါရှင်တန်ပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံလည်း ဖြစ်လာပါတယ်။
ပွဲဝင်ခွင့်လက်မှတ်တွေကို အခမဲ့ ဖြန့်ဝေခဲ့ပြီး ခဏလေးနဲ့ ကုန်သွားခဲ့သလို ပရိသတ်အများအပြားဟာ ပြိုင်လမ်းဘေး ခြံစည်းရိုးတွေကနေ ကြည့်ရှုခဲ့ကြပါတယ်။











