
ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့မှာ နိုဝင်ဘာ ၁၅ ရက်က အင်ဂျင်မပါဘဲ ကုန်းဆင်းလမ်းအတိုင်း မောင်းနှင်ရတဲ့ ဆပ်ပြာပုံးကားတွေနဲ့ Red Bull Soapbox ပြိုင်ပွဲကို ကျင်းပခဲ့ပြီး အပျော်တမ်းအသင်း ၃၇ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
မြန်မာမှာ ထင်းရှူးပုံးလို့ အများသိကြတဲ့ သစ်သားပုံးမျိုးနဲ့ ဆင်တူတဲ့ ဆပ်ပြာထည့် သစ်သားပုံးတွေကို ဘီးတပ်ပြီး ကားငယ်တွေ ဖန်တီးခဲ့ကြရာကနေ အနောက်နိုင်ငံတွေမှာ ဆပ်ပြာပုံးကား (Soapbox Car) လို့ ခေါ်လာခဲ့ကြပါတယ်။
ဒီလိုကားပြိုင်ပွဲတွေဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေက အမေရိကန်နိုင်ငံမှာ ကလေးတွေက သစ်သားပုံးတွေနဲ့ ပစ္စည်းအဟောင်းတွေကို အသုံးပြုပြီး ကုန်းဆင်းပြိုင်ခဲ့ရာကနေ လူသိများလာခဲ့ပါတယ်။
အခုခေတ်မှာတော့ ပစ္စည်းမျိုးစုံနဲ့ ကိုယ်တိုင်တီထွင်ကြပေမဲ့ အင်ဂျင်မပါဘဲ ကုန်းဆင်းလမ်းရဲ့ ဆွဲငင်အားနဲ့ မောင်းနှင်တဲ့ ဓလေ့ကတော့ ဆက်ရှိနေပါတယ်။
ဆော်ပိုလိုမြို့ ပွန်ပေယာလမ်းမပေါ်က ဒီပြိုင်ပွဲမှာလည်း ရုပ်ရှင်၊ တီဗီဇာတ်လမ်းတွဲနဲ့ ဗီဒီယိုဂိမ်းတွေကို အခြေခံပြီး ပုံစံအမျိုးမျိုး ဖန်တီးထားတဲ့ ပြိုင်ကားတွေ ပါဝင်ခဲ့ကြပါတယ်။
ပြိုင်ကားတွေဟာ ဆပ်ပြာမြှုပ်တွေနဲ့ ရေအတားအဆီးတွေကို ဖြတ်ကျော်ခဲ့ရသလို တချို့ကတော့ ကောက်ရိုးထုပ်တွေနဲ့ ဝင်တိုက်မိခဲ့ကြပါတယ်။
တချို့ကားတွေက ပန်းတိုင်မရောက်ခင် တိမ်းမှောက်ခဲ့ကြသလို တချို့ကလည်း လမ်းခုလတ်မှာ ပျက်စီးခဲ့ကြပေမဲ့ ပရိသတ်တွေကတော့ တခဲနက် အားပေးခဲ့ကြပါတယ်။











