ဘရာဇီးတွင် အားပြင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံး

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်းတခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး အဆောက်အအုံတွေရဲ့ အမိုးတွေလည်း လွင့်စင်ပျက်စီးသွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက်မနက်အစောပိုင်းက ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆူလ်ပြည်နယ်ထဲက တူပန်စီရီတာမြို့မှာ မုန်တိုင်းဒဏ် ခံခဲ့ရတာဖြစ်ပြီး ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဘရီယယ်လ် ဆိုဇာရဲ့ ပြောပြချက်အရ အနည်းဆုံး လူ ၃ ယောက် သေဆုံးသွားခဲ့သလို စတုတ္ထမြောက် သေဆုံးမှုကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။
မြို့ထဲမှာရှိတဲ့ အိမ်ခြေ ၈,၅၀၀ လောက်မှာ အိမ်ပေါင်း ၅,၀၀၀ ကျော်ရဲ့ အမိုးတွေ လန်ထွက် သွားခဲ့တယ်လို့ မြို့တော်ဝန် ဂုစတာဗို တယ်ရာက ပြောပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဒရုန်းဗီဒီယိုဖိုင်တွေမှာတော့ အိမ်တွေ၊ ဆိုင်တွေနဲ့ ဘုရားကျောင်းတကျောင်းရဲ့ ခေါင်မိုးတွေ လွင့်စင်ကုန်တာကို တွေ့ရပြီး လမ်းမတွေပေါ်မှာလည်း အမှိုက်သရိုက်နဲ့ အပိုင်းအစတွေ ပြန့်ကျဲနေကာ ကားတွေ ဖြတ်သန်းသွားလာနေကြပါတယ်။
ဆိုင်ပိုင်ရှင် မာရီလီယာ အာမာရယ် ဖယ်ရီရာကတော့ အဲဒီဖြစ်ရပ်ဟာ ရိုးရိုးမုန်တိုင်းတခုမဟုတ်ဘဲ ဆူနာမီ လိုမျိုးတခုခု လည်ပတ်တိုက်ခတ်သွားသလို ခံစားခဲ့ရကြောင်း၊ မိုးလင်းလို့ အပြင်ထွက်ကြည့်ချိန်မှာ တမြို့လုံး ပျက်စီးပြိုလဲနေပြီး လူတွေလည်း အကူအညီ တောင်းနေကြတာကို တွေ့ခဲ့ရကြောင်း ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ အင်တာနက်လိုင်း၊ ဖုန်းလိုင်း၊ လျှပ်စစ်မီးနဲ့ ရေတွေပါ ပြတ်တောက်နေတဲ့အပြင် ဘက်ထရီ အားသွင်းလို့တောင် မရတော့ဘူးလို့ သူက ဆိုပါတယ်။
အမျိုးသားမိုးလေဝသဌာန (Inmet) စခန်းတခုမှာတော့ တနာရီကို ကီလိုမီတာ ၁၁၄ နှုန်းရှိတဲ့ လေပြင်းတိုက်ခတ်မှုနဲ့အတူ မိုးရွာသွန်းတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ပြည်နယ် အရပ်ဘက်ကာကွယ်ရေး အဖွဲ့ကလည်း သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို တွေ့ရှိခဲ့ရပြီး ဒါဟာ စူပါဆဲလ် မုန်တိုင်းတိမ်တိုက်ကြီး ကြောင့်လား၊ ဒါမှမဟုတ် တော်နေဒို လေဆင်နှာမောင်းကြောင့်လားဆိုတာကို စစ်ဆေးနေပါတယ်။
Source: Reuters











