DVB Logo
Home
Lead Story
မေမေ့ကို ပြန်တွေ့ချင်ရုံလေးပါပဲ
DVB
·
May 18, 2026
မေမေ့ကို ပြန်တွေ့ချင်ရုံလေးပါပဲ
Donate to DVB

ဖမ်းဆီးခံထားရတဲ့ မြန်မာခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်က အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ သူ့မိခင်ကို ပြန်လည်တွေ့ဆုံခွင့်ပေးဖို့ လှိုက်လှိုက်လှဲလှဲ တောင်းဆိုလိုက်ပါတယ်။

“ကျနော့်ဖေဖေ ဆုံးပါးသွားချိန်မှာ မေမေက အကျဉ်းကျနေတာမို့ မေမေ့ကို နောက်ဆုံးအကြိမ်အဖြစ်  ပြန်မတွေ့သွားရရှာပါဘူး” လို့ ကင်မ်အဲရစ်က NPR သတင်းဌာနကို ပြောပါတယ်။ “ကျနော်ကတော့ မေမေ့ကို ပြန်တွေ့ချင်ရုံလေးပါပဲ။ မေမေ နေကောင်းကျန်းမာတယ် ဆိုတာကို သိချင်ရုံလေးပါ။”

ကင်မ်ရဲ့ဖခင်ဖြစ်သူ ဗြိတိန်ပညာရှင်  မိုက်ကယ်အဲရစ် ဟာ ၁၉၉၉ ခုနှစ်က သူ့ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့မှာပဲ လန်ဒန်မြို့မှာ ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာစစ်အစိုးရက သူ့ကို နောက်ဆုံးအကြိမ် လာရောက်တွေ့ဆုံခွင့် ဗီဇာပိတ်ပင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ပထွက်သွားရင် ဗိုလ်ချုပ်တွေက မြန်မာပြည်ကို ပြန်ဝင်ခွင့်မပေးဘဲ နေမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပါတယ်။

အခု အသက် ၈၀ ကျော် အရွယ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတာပါ။ တရားမျှတမှု မရှိဘူးလို့ အများက ရှုတ်ချထားကြတဲ့ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ သူ့ကို ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာပါ။ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လုံးဝ ဖြတ်တောက်ထားပါတယ်။

ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ကတော့ လက်ရှိစစ်အာဏာရှင်က  သူ့ကို ထောင်ကနေ သတ်မှတ်နေအိမ်တအိမ်ကို ပြောင်းရွှေ့လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်အပေါ် မိသားစုဝင်တွေကသံသယရှိနေကြပါတယ်။ ဒါဟာ အမှန်ဖြစ်တယ်ဆိုတဲ့ သက်သေအထောက်အထား ဘာမှမရသေးဘူးလို့ ဆိုပါတယ်။

ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူ အဖမ်းခံရပြီးကတည်းက အဆက်အသွယ် လုံးဝနီးပါး မရခဲ့ဘူးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက ဆင်ဆာဖြတ်တောက်ခံထားရတဲ့ စာတစောင်ပဲ ရခဲ့ဖူးပါတယ်။ အဲဒီစာထဲမှာ နေပြည်တော်က အကျဉ်းခန်းထဲကနေ ရာသီဥတု အပြောင်းအလဲတွေ (ဆောင်းရာသီ အအေးဒဏ် ခံရခက်ပုံကနေ နွေရာသီ ပူပြင်းပုံတွေအကြောင်း) လောက်ကိုပဲ ရေးသားထားတာပါ။

“တကယ်လို့များ မေမေနဲ့ စကားပြောခွင့်ရရင်၊ မေမေ့ကို သိပ်ချစ်တဲ့အကြောင်း၊ ကျနော်တို့အားလုံး မေမေ့ကို အရမ်းလွမ်းနေတဲ့အကြောင်းနဲ့ မေမေ ကျန်းမာပါစေလို့ ဆုတောင်းနေတဲ့ အကြောင်းတွေပဲ ပြောဖြစ်မှာပါ” လို့ ကင်မ်က ဆိုပါတယ်။

ကျန်းမာရေး စိုးရိမ်ပူပန်မှုများ

လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မိခင်ဖြစ်သူရဲ့ နှလုံးရောဂါ ပိုဆိုးလာနိုင်တယ်ဆိုတဲ့ သတင်းတွေ အပါအဝင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာ သတင်းတွေကို မိသားစုက ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။ “မြန်မာပြည်က အကျဉ်းထောင်ထဲမှာတော့ မေမေလိုအပ်တဲ့ ဆေးကုသမှုမျိုး ရမှာမဟုတ်ဘူးဆိုတာ ကျနော် သိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မိခင်ဖြစ်သူကို ထောင်ကနေ နေအိမ်ကို  ပြောင်းပေးလိုက်ပြီဆိုတဲ့ ကြေညာချက်ကလည်း သူ့အတွက် သိပ်ပြီး စိတ်သက်သာရာ မရစေပါဘူး။ နေရာအသစ်က ဘယ်မှာလဲ ဆိုတာကိုလည်း ထုတ်မပြောထားပါဘူး။ နိုင်ငံပိုင်မီဒီယာကနေ အရာရှိ ၂ ဦးနဲ့အတူ ထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြုံးနေတဲ့ ဓာတ်ပုံတပုံကို ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီပုံက ဘယ်တုန်းက ရိုက်ထားတာလဲဆိုတဲ့ ရက်စွဲ မပါပါဘူး။ လေ့လာစောင့်ကြည့်သူတွေကလည်း ဒါက ပုံအဟောင်းဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်။

“စစ်တပ်က ဒီလိုလှည့်ကွက်မျိုးတွေကို သုံးလာတာ ဆယ်စုနှစ်တွေနဲ့ချီပြီး အကြိမ်ကြိမ်ပါပဲ” လို့ ကင်မ်က ပြောပါတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းတခုခုက သူ့ရဲ့ ကျန်းမာရေးနဲ့ ရှိနေတဲ့နေရာကို သွားရောက် အတည်ပြုပေးနိုင်တာမျိုး မရှိသရွေ့ “သူတို့ပြောသမျှ ဘာတခုကိုမှ ကျနော် ယုံလို့မရပါဘူး” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် ကလည်း အလားတူ သံသယရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေလဲ ဆိုတာကို သူတို့လည်း အတည်မပြုနိုင်သေးဘူးလို့ NPR ကို ပြောပါတယ်။

“စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဓားစာခံတယောက်လို ဆက်ဆံနေတာပါ” လို့ သူက ဆိုပါတယ်။ “သူ့ကို လွှတ်ပေးတာကို အကြောင်းပြပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ သူတို့ ကြံစည်နေကြတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ဟာ အခုကြေညာချက် ထွက်ပြီးကတည်းက သူနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေပေမဲ့ အခုထိ မအောင်မြင်သေးဘူးလို့ ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။ မြန်မာမီဒီယာ ဧရာဝတီရဲ့ ဖော်ပြချက်အရတော့ ဧပြီ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာ မှတ်စုမှတ်တာတွေ၊ အသံဖမ်းတာတွေ မလုပ်ဖို့ တားမြစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲ

ဒီနှစ်အစောပိုင်းမှာ မြန်မာနိုင်ငံမှာ တတိယပိုင်းနဲ့ နောက်ဆုံးအဆင့် ရွေးကောက်ပွဲ မဲပေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကို နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေက အတုအယောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထားကြပါတယ်။ အဲဒီရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ မှာတော့ ၂၀၂၁ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အဲဒီအာဏာသိမ်းမှုကြောင့် လူသောင်းနဲ့ချီ သေဆုံးပြီး လူပေါင်း ၃ သန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ်ကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) က မြန်မာ့အရေး အကြီးတန်းအကြံပေး သောမတ်စ်ကိန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ထောင်ကနေ ပြောင်းရွှေ့လိုက်တာဟာ မကြာသေးခင်က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တွက်ချက်လုပ်ဆောင်တဲ့ လှည့်ကွက်တခုဖြစ်တယ်လို့ ဆိုပါတယ်။ နေအိမ်မှာ ရွေ့ပြောင်းပေးလိုက်ခြင်းအားဖြင့် စစ်အာဏာရှင်ဟာ သူတို့ရဲ့ “ရွေးကောက်ခံ” အစိုးရအသစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်ကောင်စီနဲ့ မတူတော့ဘူး ဆိုတာကို ပြသချင်နေတာလို့ သူက ပြောပါတယ်။

ဖမ်းဆီးမခံရခင်က ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ပါတီကို ဦးဆောင်ခဲ့ပါတယ်။ သူ အဖမ်းခံရပြီးနောက် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တချို့က အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) ကို ဖွဲ့စည်းခဲ့ပါတယ်။ NUG ဟာ အင်အားပြန်ကောင်းလာဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်ကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

သောမတ်စ်ကိန်းရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ရွေ့ပြောင်းပေးတာဟာ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားတာဖြစ်သလို NUG ကို အားနည်းသွားအောင် ခေါင်းဆောင်ဟောင်းကို အသုံးချဖို့ ကြိုးစားတာလည်း ဖြစ်နိုင်ပါတယ်။ NUG ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် သတ်မှတ်ထားခြင်းကနေ တရားဝင်မှုကို တစိတ်တပိုင်း ရယူထားလို့ပါပဲ။

“နေအိမ်မှာချုပ်ထားတယ် ဆိုပေမဲ့ သူ့အနေနဲ့ လွတ်လပ်ခွင့် သိပ်ရလိမ့်မယ်လို့တော့ မထင်ပါဘူး” လို့ ကိန်းက ဆိုပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာလွှမ်းမိုးမှုကို ကြောက်ရွံ့နေဆဲဖြစ်ပြီး “သူ့ကိုယ်သူ အင်အားပိုတောင့်တင်းလာပြီလို့ မခံစားရမချင်း” သူ့စိတ်ကြိုက် ရွေးချယ်ပေးထားတဲ့ နိုင်ငံတကာ ဧည့်သည်တချို့လောက်ကိုပဲ သူနဲ့ တွေ့ခွင့်ပေးလိမ့်မယ်လို့ ကိန်းက ရှင်းပြပါတယ်။

နှစ်ကာလရှည်ကြာ အကျဉ်းကျခံရမှု

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ဘဝရဲ့ အချိန်တော်တော်များများကို အကျဉ်းကျခံရင်း ကုန်ဆုံးခဲ့ရသူပါ။ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်းရာမှာ အဓိကကျတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်လာပြီး ယခင် စစ်အာဏာရှင်အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အကျဉ်းကျခံခဲ့ရပေမဲ့ နိုင်ငံရေးမှာ ဆက်လက် တက်ကြွလှုပ်ရှားခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့ပါတယ်။

သောမတ်စ်ကိန်း ကတော့ အခုအခြေအနေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က နေအိမ်အကျယ်ချုပ် အခြေအနေနဲ့ မတူဘူးလို့ ဆိုပါတယ်။ အဲဒီတုန်းက သူဟာ အကျယ်ချုပ်ကျနေပေမဲ့ နိုင်ငံတကာ ဧည့်သည်တွေနဲ့ ရံဖန်ရံခါ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာမှာ ပြန်လွတ်လာပြီး နိုင်ငံရေးနယ်ပယ်ကို ချက်ချင်း ပြန်ဝင်လာနိုင်ခဲ့ပါတယ်။

အခုတကြိမ်မှာတော့ ကန့်သတ်ချက်တွေက အများကြီး ပိုတင်းကျပ်တယ်လို့ ကိန်းက ဆိုပါတယ်။ “ဒါကြောင့် ဒါကို အလျှော့ပေးလိုက်လျောမှုလို့ ခေါ်ဖို့ ခက်ပါတယ်။ ဒီလောက် ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာက မင်းအောင်လှိုင် အစိုးရဟာ အရင်ကထက် အများကြီး ပိုအားနည်းနေတယ် ဆိုတာကို ပြသနေပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာ့ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေချိန်မှာ စစ်တပ်ဟာ နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုရဖို့ ဆက်လက်ကြိုးစားနေပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ဆက်ဆံရေး ကောင်းမွန်လာစေဖို့ ဝါရှင်တန် လော်ဘီကုမ္ပဏီ DCI Group ကို တနှစ် ဒေါ်လာ ၃ သန်းနီးပါးပေးပြီး ငှားရမ်းခဲ့ပါတယ်။ အထောက်အထားတွေအရ ကာလရှည် နိုင်ငံရေးအကြံပေးနဲ့ ထရမ့်ပ်ရဲ့ မဟာမိတ်ဖြစ်သူ ရော်ဂျာစတုန်းဟာလည်း တလကို ဒေါ်လာ ၅၀,၀၀၀ နဲ့ DCI ရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်ပူးပေါင်းနေတယ်လို့ သိရပါတယ်။

ကင်မ်အဲရစ်ကတော့ စစ်အစိုးရနဲ့ စီးပွားရေးလုပ်တာကို ဆန့်ကျင်ပါတယ်။ “ကျနော့်မိခင်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မလွှတ်ပေးသရွေ့၊ ပြီးတော့ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲနေတာ မရပ်သရွေ့၊ ဘယ်သူမှ သူတို့နဲ့ စီးပွားရေး သွားမလုပ်သင့်ပါဘူး” လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာ စွပ်စွဲချက်များ

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်တွင်းက လူအများစုအတွက် ချစ်ခင်လေးစားရတဲ့ ခေါင်းဆောင်တဦး ဖြစ်နေဆဲပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာ မွတ်စလင် လူနည်းစုတွေအပေါ် စစ်တပ်ရဲ့ ဂျီနိုဆိုက် စွပ်စွဲချက်တွေကို ခုခံကာကွယ်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို သွားရောက်ခဲ့တဲ့အတွက် သူ့ရဲ့ နိုင်ငံတကာ ပုံရိပ်ကတော့ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ အဲဒီ သွေးထွက်သံယို စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကနေ ၇ သိန်းခွဲလောက်ဟာ ရခိုင်ပြည်နယ်ကနေ လက်ရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆိုတာ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးသူတွေကို ပိတ်ပင်တာနဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးတာတွေ လုပ်ခဲ့တဲ့အတွက် “ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေ ကျူးလွန်ရာမှာ အထောက်အကူ ဖြစ်စေခဲ့တယ်” လို့ ဆိုပါတယ်။ တာဝန်အများဆုံးကတော့ စစ်တပ်မှာရှိတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူကို ကာကွယ်ပြောဆိုရင်း ကင်မ်အဲရစ်က “လူတွေက မေမေပြောခဲ့တဲ့ စကားတွေကို အကြီးအကျယ် အထင်လွဲခဲ့ကြတာပါ” လို့ NPR ကို ပြောပါတယ်။ “မေမေက တခြားသူတွေထက် ရိုဟင်ဂျာတွေအတွက် ပိုပြောပေး၊ ပိုလုပ်ပေးခဲ့တာပါ” လို့ သူက ဆိုပါတယ်။

“တကယ်လို့များ မေမေ့ရဲ့ အစိုးရသာ ဆက်လက်ရှင်သန်ခွင့်ရပြီး ဒီမိုကရေစီသာ ဆက်လက်ဖွံ့ဖြိုးခွင့် ရခဲ့မယ်ဆိုရင် ဒါဟာ ရိုဟင်ဂျာတွေအတွက် အကောင်းဆုံးလမ်းကြောင်း ဖြစ်ခဲ့မှာပါ။ ကံမကောင်းစွာနဲ့ပဲ စစ်တပ်က အာဏာသိမ်းပြီး မေမေ့ရဲ့ အနေအထားကို ကြိုတင် အားနည်းသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အခု ကျနော်တို့မြင်နေရတဲ့ ရလဒ်မျိုး ဖြစ်လာရတာပါ” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။

လော်ကန် လိုဗက်တ်၊ အာယရှား ရာစကို

Ref: NPR 

(NPR သတင်းဝက်ဆိုက်တွင် ဆောင်းပါးရှင် Lorcan Lovett နဲ့ Ayesha Rascoe တို့ ရေးသားထားသည့် “ 'I just want to see her again' says son of imprisoned Myanmar ex-leader Aung San Suu Kyi” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013