
နေပြည်တော်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးတယောက်နဲ့ စည်ပင်ဝန်ထမ်း ၂ ယောက်ကို မြေငှားဂရန်အတု ထုတ်မှုနဲ့ မေ ၁၅ ရက်မှာ စစ်အာဏာရှင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးထားတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဒက္ခိဏသီရိမြို့နယ်ထဲက သိန်းသောင်းချီတန် ပိုင်ရှင်ရှိတဲ့ မြေကွက်တကွက်ကို နေပြည်တော်စည်ပင်မှာ မြေငှားဂရန်မိတ္တူထုတ်ခဲ့တာနဲ့ပတ်သက်ပြီး ပိုင်ရှင်ဖြစ်သူက တိုင်ကြားခဲ့တာကြောင့် အဖမ်းခံရတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ဒက္ခိဏသီရိက ပိုင်ရှင်ရှိတဲ့ မြေကွက်ကို ဂရန်မိတ္တူထုတ်ပြီး ရောင်းစားဖို့လုပ်လို့ နတခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) က ဗိုလ်မှူးအောင်မျိုးဝင်းကို စရဖအဖွဲ့က ဖမ်းထားတယ်။ သူ့ကိုဖမ်းပြီး စည်ပင်ဝန်ထမ်း ၂ ဦးကို ထပ်ဖမ်းတယ်။ အခုချိန်ထိ စစ်ဆေးနေတုန်းပဲ။”
အဆိုပါမြေယာအမှုမှာ စစ်ခေါင်းဆောင် သမ္မတမဖြစ်ခင် ဦးသန်းထွန်းဦး လက်ထက်ကတည်းက ပြဿနာဖြစ်ခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဖြစ်လာမှ ဖမ်းဆီးခံရတာလို့ နေပြည်တော်အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်သူ တယောက်က DVB ကို ပြောပါတယ်။
“အဲဒီပြဿနာဖြစ်တာ ၁ နှစ်ကျော်လောက်ရှိပြီ။ အရင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ လက်ထက်ကတည်းက ပိုင်ရှင်က ခရီးသွားနေတုန်း နတခ က ဗိုလ်မှူးက ဂရန်မိတ္တူထုတ်ပြီး ရောင်းဖို့လုပ်တာ။ အခု နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ်လက်ထက်မှ အဖမ်းခံရတာ။”
လတ်တလောမှာ စစ်အာဏာရှင်လက်အောက်ခံ စရဖ အဖွဲ့က ဗိုလ်မှူးအောင်မျိုးဝင်း နဲ့ စည်ပင်ဝန် ထမ်း ၂ ယောက်ကို နေပြည်တော် စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း ပုဗ္ဗသီရိမြို့နယ်နဲ့ ဇေယျာသီရီမြို့နယ်က မြေယာပြဿနာတွေကြောင့် ထွေအုပ်နဲ့ စည်ပင်ဝန်ထမ်းအချို့ ဖမ်းဆီးခံခဲ့ရပါတယ်။










