
စစ်အာဏာရှင်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ ဦးဆောင်မှုနဲ့ ဆေးကုမ္ပဏီ ၃၆ ခုက သုံးစွဲသူပြည်သူတွေဆီ ဆေးဝါးအမျိုးအစား ၉၅၃ မျိုးကို တိုက်ရိုက်ရောင်းချပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
တတိယအကြိမ်အဖြစ် ပြုလုပ်တဲ့ ဒီရောင်းချပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ မေခန်းမမှာ နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမှာဖြစ်ပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဆေးကုမ္ပဏီတွေက သုံးစွဲသူပြည်သူတွေထံ တိုက်ရိုက်ဆေးဝါးရောင်းချပေးမှာလို့ ဆိုပါတယ်။
ပြပွဲကာလအတွင်း ဆေးဝါးရောင်းချမှုအပြင် အခမဲ့ကျန်းမာရေးစစ်ဆေးပေးမှာဖြစ်ပြီး ဆီးချိုနဲ့ သွေးချိုရောဂါ အခမဲ့စစ်ဆေးပေးတာ InBody Scan Test နဲ့ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားပမာဏ၊ အဆီပါဝင်မှု၊ အဝလွန်ခြင်းရှိ၊ မရှိ စစ်ဆေးပေးတာ၊ Blood Sugar Test စစ်ဆေးပေးတာတွေ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အဖြစ်များနေတဲ့ ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါကုသဆေးတွေအပါအ၀င် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါကုသဆေးတွေ၊ ဆီးနဲ့ ကျောက်ကပ်ရောဂါကုသဆေးတွေကို ဆေးကုမ္ပဏီ ၃၆ ခုမှာ ဆေးဝါးအမျိုးအစားပေါင်း ၉၅၃ မျိုးကို ကုမ္ပဏီ တိုက်ရိုက်စျေးနှုန်းတွေနဲ့ လျှော့စျေးတွေနဲ့ ရောင်းချပေးမယ်လို့ ဆိုပါတယ်။
ကလေးတွေအတွက် အားဆေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတွေကို ပျော်ရွှင်စွာလေ့လာနိုင်မဲ့ Knowledge Game အစီအစဉ် ပြုလုပ်ပေးတာ၊ ဆေးဝါးနမူနာ (Sample) တွေပေးတာ၊ Royal D အားဖြည့် အချိုရည် အခမဲ့ပေးဝေတာတွေလုပ်သွးမယ်လို့လည်း အသိပေးထားပါတယ်။
ဒီဆေးဝါးရောင်းချပွဲတွေကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ မန္တလေးမြို့၊ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆေးနဲ့ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်ထဲမှာ ဆေးဝါးပြတ်လပ်မှုတွေနဲ့ ဆေးဈေးနှုန်း ကြီးမြင့်မှုတွေ ဖြစ်ပေါ် နေပြီး ရောဂါကြောင့် ဆေးအမြဲသောက်နေရတဲ့ နာတာရှည်လူမမာတွေ ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံမှာ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်ပကနေ အများဆုံး တင်သွင်းနေတာ ဖြစ်ပြီး လက်ရှိ ပြည်တွင်းမှာ အများပြည်သူအသုံးများတဲ့ အိမ်သုံးဆေးတွေဖြစ်တဲ့ အကိုက်အခဲ ပျောက်ဆေး၊ အာရုံကြောအားဆေးနဲ့ ဒဏ်ကြေးလိမ်းဆေးစတဲ့ဆေးတွေ ဈေးနှုန်းကြီးမြင့်မှု ရှိနေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်လက်အောက် မြန်မာပြည်တွင်းမှာ ဆေးဝါးနဲ့ ဆေးပစ္စည်း ရှားပါးမှု ပြဿနာတွေဆက်တိုက် ကြုံတွေ့နေရတာကြောင့် ပြည်သူ့ဆေးရုံတွေနဲ့ ကျန်းမာရေးဌာနတွေမှာ အခမဲ့ထုတ်ပေးနေတဲ့ ဆေးဝါးအများစု ပုံမှန် မထုတ်ပေးနိုင်ဘဲ ရပ်တန့်တာမျိုး ရှိပြီး လူမမာတွေအတက် လိုအပ်တဲ့ဆေးတွေကို အပြင်ဆေးဆိုင်မှာ ၀ယ်ယူမရတာမျိုးလည်း ရှိနေတာပါ။
နိုင်ငံခြားဖြစ် ဆေးဝါးတွေဝယ်ယူသုံးစွဲဖို့ ခက်ခဲနေတာကြောင့် တချို့ပြည်သူ့တွေလည်း တိုင်းရင်းဆေးပြောင်းသုံးနေတာမျိုးလည်း ရှိပါတယ်။
စစ်အာဏာရှင်တပ်ဟာ နယ်မြေစိုးမိုးမှု မရှိတဲ့ဒေသတွေဆီ လိုအပ်တဲ့ဆေးနဲ့ ဆက်စပ် ပစ္စည်းတွေ မရောက်ရှိဖို့ ဖြတ် ၄ ဖြတ် ပိတ်ဆို့ ဖြတ်တောက်ထားပါတယ်။











