DVB Logo
Home
မြန်မာသတင်း
KIA နှင့် KPDF များ အလင်းမဝင်၊ လုပ်ဇာတ်ဖြစ်ဟု KIA တုံ့ပြန်
စိုးသူအောင်
·
April 6, 2026
Photo : DVB
Photo : DVB
Donate to DVB

 

စစ်ကောင်စီက KIA နဲ့ KPDF တွေအလင်းဝင်တယ်ဆိုတဲ့ သတင်းတွေ ထုတ်ပြန်တာဟာ လုပ်ဇာတ်တွေ ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တုံ့ပြန်ပါတယ်။ 

ဖားကန့်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်းမှာပဲ စစ်ကောင်စီဘက်ကနေ KIA နဲ့ KPDF အဖွဲ့ဝင်တွေ အလင်းဝင်လာတယ်ဆိုပြီး ဧပြီ ၅ ရက်နေ့ထုတ် စစ်တပ်ပိုင်သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “KPDF တို့၊ ကျနော်တို့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်သားတွေအားလုံးလည်း အလင်းဝင်တာမရှိပါဘူး။ သူတို့ရဲ့လူတွေကို သူတို့အဲလိုလုပ်တာမျိုးပဲ ပိုပြီးမှဖြစ်နိုင်ပါတယ်။ ဒါကတမင်တကာ လုပ်ဇာတ်ပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီက နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုး နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နိုင်ပြီး လမ်းပိုင်းတချို့ကိုလည်း ပိတ်ပင်ထားပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ဧပြီ ၆ ရက်၊ နေ့လယ်ပိုင်းကစပြီး တိုက်ပွဲသံတွေ ပြန်ကြားနေရသလို၊ ဖားကန့်နဲ့ လုံးခင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းအပါအဝင် လမ်းကြောင်းတချို့ကို စစ်တပ်က ပိတ်ပင်ထားပါတယ်။

လမ်းပိုင်းပိတ်ဆို့မှုနဲ့ ဒေသတွင်းစိုးရိမ်ရတဲ့အခြေအနေတွေကို ဖားကန့်ဒေသခံ အမျိုးသားတယောက်က “ဖားကန့်ဘက်ပွဲကနေပြီထင်တယ်။ ဒီနေ့ခင်း လုံးခင်းကနေ အသံကြားရတယ်။ နောက်ပြီး လုံးခင်း-ဖားကန့်လမ်းကို ပိတ်ထားတယ်ဆိုတော့ အခြေအနေ ခန့်မှန်းရခက်နေတယ်။ လုံးခင်းရပ်ကွက် ၄ လမ်းဆုံကနေ ပိတ်ထားတာ။ မနေ့က ဖားကန့်-မြစ်ကြီးနားလမ်းပိုင်းတနေရာကို ပိတ်ထားပြီး ဒီနေ့မနက်တော့ပြန်ဖွင့်တယ်။ နေ့လယ်ကျတော့ ပြန်ပိတ်တယ်လို့ ပြောနေကြတယ်။ အဲဒီမှာ စစ်ကြောင်းတွေ ကြားညှပ်လိုက်လာတယ်လို့လည်း သတင်းကြားရတယ်။ ဟုတ်၊ မဟုတ်တော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။

အခုလို လမ်းပိုင်းတွေပိတ်ပြီး စစ်ကြောင်းထိုးနေတာဟာ ဧပြီ ၂ ရက်နေ့က လက်လွှတ်ခဲ့ရတဲ့ ကာကင်းတွေကို ပြန်လိုချင်တာကြောင့်ဖြစ်ပြီး  ဆိုင်းတောင်ဘက်ကို နယ်မြေစိုးမိုးလိုတာ ကြောင့်လည်း ပါနိုင်တယ်လို့ တခြားဒေသခံကလည်း ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကတော့ ဧပြီ ၆ ရက်နေ့၊ မနက်ပိုင်းထိ မြေပြင်တိုက်ပွဲသတင်းမကြားရပေမဲ့ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေ ဆက်ရှိနိုင်သလို စစ်တပ်က ထိုးစစ်ဆင်လာရင် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့အကြောင်း ပြောပါတယ်။

KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ  “တိုက်ပွဲကတော့ ဆက်ဖြစ်ဖို့ရှိပါတယ်။ ကျနော်ပြောတာ မရှီကထောင်တို့၊ ဆိုင်းတောင်တို့ဘက်ကို စစ်ကောင်မရှင်က အားလုံးနေရာယူချင်လို့ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေပေါ့။ သူတို့ရဲ့ဗျူဟာတွေကို ဆက်ပြီးမှသုံးမယ်လို့ ကျနော်သုံးသပ်ပါတယ်။ အဓိကတော့ သူတို့စစ်ကြောင်းထိုးလို့ဖြစ်တဲ့ တိုက်ပွဲတွေပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသလို၊ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတာကြောင့် ဧပြီ ၅ ရက် ညပိုင်းမှာပဲ မရှီကထောင်နဲ့ ယူမာဝန်းကျင်မှာ ထိတွေ့မှုတွေ ဖြစ်ခဲ့ပါသေးတယ်။ 

အလားတူ စစ်ရေးတင်းမာမှုတွေကြောင့် တိုက်ပွဲဧရိယာ ပိုကျယ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013