DVB Logo
Home
မြန်မာသတင်း
အိမ်မဲတွင် နယ်ထိန်းရဲကိုင်သည့်သေနတ် ပျောက်ဆုံးမှုဖြင့် အရပ်သား ၆ ဦး ဖမ်းဆီးခံရ
DVB
·
May 8, 2026
လူကောင်းကျွန်းရဲစခန်း။ (Photo: KKL)
လူကောင်းကျွန်းရဲစခန်း။ (Photo: KKL)
Donate to DVB

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေ ရဲစခန်းက နယ်ထိန်းရဲကိုင်တဲ့သေနတ်နဲ့ ကျည်တွေ သင်္ကြန်မှာ ပျော်ပါးရင်း ပျောက်ဆုံးတဲ့ကိစ္စနဲ့ မဆိုင်တဲ့ အရပ်သား လူငယ် ၆ ယောက်ကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လူကောင်းကျွန်းနယ်မြေ ရဲစခန်းက နယ်ထိန်းတပ်ကြပ် ကိုကိုသန့်ဟာ သင်္ကြန်ကာလအတွင်း လှည့်လည်သောက်စား ကခုန်ပျော်ပါးရင်းနဲ့ သူကိုင်ဆောင်တဲ့ သေနတ်တလက်နဲ့ ကျည် ၅ တောင့် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

သေနတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး စခန်းမှူး စိုးအောင်နဲ့ တပ်ကြပ် ကိုကိုသန့်တို့ ပူးပေါင်းကာ အရပ်သား ၆ ယောက်ကို သေနတ်ခိုးယူ ဝှက်ထားတယ်လို့ စွပ်စွဲပြီး မေလ ပထမအပတ်ကတည်းက ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင် အပြစ်ဝန်ခံခိုင်းနေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူတို့အပြစ်ကို အရပ်သားတွေအပေါ် လွှဲချတာ။ တပ်ကြပ်ကိုကိုသန့်က အရမ်းလည်တာ။ သူ့ဆရာ စခန်းမှူးနဲ့ပေါင်းပြီး အရပ်သားတွေ ခိုးယူပြီး လက်စဖျောက်ထားတယ် ဆိုပြီး ဖမ်းထားတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့သူတွေကတော့ မင်းမင်း အပါအဝင် လူငယ်အမျိုးသားတွေဖြစ်ပြီး လူကောင်းကျွန်းနယ်မြေ ရဲစခန်းက ရဲတွေက အရပ်သား လူငယ်တွေကို ရိုက်နှက် စစ်ဆေး ဝန်ခံခိုင်းနေတယ်လို့ သိရပါတယ်။

သေနတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ တိုင်းရဲအရာရှိနဲ့ ခရိုင်ရဲအရာရှိတွေက ကွင်းဆင်းစစ်ဆေးပြီး ထိရောက်တဲ့ အရေးယူမှု လုပ်မယ်ဆိုတာကြောင့် စခန်းမှူး စိုးအောင်က တပ်ကြပ် ကိုကိုသန့်ဆီကနေ လာဘ်ငွေ အများအပြားယူကာ တပည့်ဖြစ်သူ အပြစ်မခံရစေဖို့နဲ့ စခန်းမှူးသိက္ခာ မကျစေဖို့ အရပ်သားတွေကို ဖမ်းဆီးပြီး အပြစ်လွှဲချဖို့ လုပ်နေတာလို့ ရဲစခန်းနဲ့ နီးစပ်သူက ဆိုပါတယ်။

သင်္ကြန်မှာ သေနတ်ပျောက်တဲ့အထိ ပျော်ပါးကခုန် မူးယစ်ခဲ့တဲ့ ​နယ်ထိန်းရဲ ကိုကိုသန့်ဟာ အရင်းကလည်း သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီး လာဘ်ငွေယူခဲ့ကာ လာဘ်ငွေကိစ္စတိုင်ကြားသူ ပေါ်ပေါက်လာတဲ့အခါ ရဲတပ်ဖွဲ့ဝင်အချင်းချင်း လုပ်ကြံဖန်တီး အပြစ်ပုံချကာ သူ့အပြစ်ကို ဖုံးကွယ်ခဲ့ဖူးသူ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို လူငယ်တွေကို ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး လူကောင်းကျွန်းနယ်မြေ ရဲစခန်းကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013