
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေရဲစခန်းက နယ်ထိန်းရဲကိုင်တဲ့ သေနတ်နဲ့ကျည်တွေ ပျောက်ဆုံးတဲ့ကိစ္စနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား ၂ ယောက် စစ်မှုထမ်းထဲ အထည့်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ဧပြီလက အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းနယ်မြေရဲစခန်းက နယ်ထိန်း တပ်ကြပ်ကိုကိုသန့်ဟာ အခါသင်္ကြန်ကာလအတွင်း လှည့်လည်သောက်စား၊ ကခုန် ပျော်ပါးရင်းနဲ့ သူ ကိုင်ဆောင်တဲ့ သေနတ်တလက်နဲ့ ကျည် ၅ တောင့် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သေနတ်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး စခန်းမှူးစိုးအောင်နဲ့ တပ်ကြပ်ကိုကိုသန့် တို့ပေါင်းပြီးအရပ်သား ၂ ယောက်ကို သေနတ်ကို ခိုးယူဝှက်ထားတယ်လို့ စွပ်စွဲပြီး မေလ ပထမအပတ်ကတည်းက ဖမ်းဆီးချုပ်နှောင် အပြစ်ဝန်ခံခိုင်းခဲ့ပြီး နောက်ဇွန်လထဲမှာ စစ်မှုထမ်းဖို့ ထည့်လိုက်တာလို့ သိရပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “အမှုစစ်ဆေးနေတယ်လို့ပဲ ထင်တာ။ ဖမ်းခံရပြီး တလအတွင်း အဆက်အသွယ်ရပြီးနောက် အဆက်အသွယ်မရတော့တာ။ ပြီးခဲ့တဲ့ရက်ကမှ စစ်မှုထမ်းထဲ အထည့်ခံရတာကို သိတာ။ အဖမ်းခံရတဲ့သူတွေက မနည်းဘူး။ ဆင်းရဲနွမ်းပါးတဲ့ ကောင်လေး ၂ ယောက်ကို ရွေးပြီး စစ်မှုထမ်းဖို့ ထည့်ခဲ့တာ” လို့ ပြောပါတယ်။
သေနတ်ပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အရပ်သား ၆ ယောက်ထက်မနည်းကို စစ်အာဏာရှင် လက်အောက်ခံ ရဲတွေ၊ ပြည်သူ့စစ်တွေက ဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့တာ ဖြစ်ပြီး အဖမ်းခံရတဲ့သူတွေထဲက ငွေကြေးပြည့်စုံတဲ့ အရပ်သား ၄ ယောက် ငွေပေးလို့ ပြန်လွတ်ခဲ့ပြီး ကျန် ၂ ယောက် ဖြစ်တဲ့ မင်းမင်း နဲ့ ဝင်းကို ဆိုတဲ့ ကောင်လေး ၂ ယောက်ကို စစ်မှုထမ်းဖို့ ထည့်ခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “သူတို့အပြစ်ကို အရပ်သားတွေအပေါ် လွှဲချခဲ့တာ။ အဖမ်းခံရတဲ့ ကောင်လေးတွေကို သေနတ်ခိုးတယ်လို့ စွပ်စွဲဖမ်းခဲ့တာ။ အဖမ်းခံရတဲ့ ကောင်လေးတွေထဲက ၂ ယောက်ကို စစ်မှုထမ်းထဲ ထည့်လိုက်တာ” လို့ ပြောပါတယ်။
သေနတ်ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ တိုင်းရဲအရာရှိနဲ့ ခရိုင်ရဲအရာရှိတွေဆီ စခန်းမှူးစိုးအောင်က သတင်းလိမ်လည် တင်ပြခဲ့ပြီး တပည့်တပ်ကြပ် ကိုကိုသန့် ဆီကနေ လာဘ်ငွေ အများအပြားယူကာ တပည့်ဖြစ်သူ အပြစ်မခံရစေဖို့နဲ့ စခန်းမှူးသိက္ခာမကျစေဖို့ အရပ်သားတွေကို ဖမ်းဆီးပြီး အပြစ်လွှဲချခဲ့တာလို့ ဆိုပါတယ်။
သင်္ကြန်မှာ သေနတ်ပျောက်တဲ့အထိ ပျော်ပါးကခုန်မူးယစ်ခဲ့တဲ့ နယ်ထိန်းရဲ ကိုကိုသန့်ဟာ အရင်ကလည်း သက်ငယ်မုဒိမ်းမှု၊ မူးယစ်ဆေးဝါးအမှုနဲ့ပတ်သက်ပြီး လာဘ်ငွေယူခဲ့ပြီး လာဘ်ငွေကိစ္စ တိုင်ကြားသူ ပေါ်ပေါက်လာတဲ့အခါ ရဲတပ်ဖွဲ့ဝင်အချင်းချင်း လုပ်ကြံဖန်တီး အပြစ်ပုံချကာ သူ့အပြစ်ကို ဖုံးကွယ်ခဲ့ဖူးသူလို့ သိရပါတယ်။










