DVB Logo
Home
မြန်မာသတင်း
အိမ်မဲ လဝက ငွေတောင်းကြမ်းနေသဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
July 19, 2026
Photo: DVB
Photo: DVB
Donate to DVB

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ် လဝကဦးစီးမှူးရုံးက ဝန်ထမ်းတွေ ငွေအတောင်းကြမ်းနေတာကြောင့် အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်အာဏာရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က သူ့လက်အောက်ဝန်ထမ်းတွေ ပြည်သူတွေဆီက ငွေတောင်းရင်တိုင်ကြားနိုင်တယ်လို ပြောထားပေမဲ့ အိမ်မဲ လဝကရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ သူတွေဆီကနေ ငွေကျပ်သောင်းဂဏန်းကနေ သိန်းချီတောင်းနေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေက ဆိုပါတယ်။

လယ်ပေါ်ရပ်ကွက်မှာ နေထိုင်သူတယောက်က “ပိုက်ဆံမပေးရင် တော်တော်နဲ့မရဘူး။ ပိုက်ဆံပေးနိုင်ရင် ချက်ချင်းရတယ်။ ပိုက်ဆံကလည်း တသောင်း၊ နှစ်သောင်းနဲ့ မရဘူး။ လေး၊ ငါး၊ ရှစ်သောင်းလောက် ပေးမှ အဆင်ပြေတယ်” လို့ DVB ကို ပြောပါတယ်။

မှတ်ပုံတင် သက်တမ်းတိုးသူတွေနဲ့ ပျောက်ဆုံးလျှောက်ထားသူတွေအနေနဲ့ အမြန်လိုရင် မြို့နယ် လဝကရုံးက ဝန်ထမ်းတွေကို ကျပ် ၅၀,၀၀၀ ဝန်းကျင်ကနေ ၁ သိန်းကျော်အထိ ပေးနေရပြီး အိမ်ထောင်စုစာရင်း လျှောက်ထားသူတွေအနေနဲ့လည်း အလားတူ ငွေပေးနေကြရတာပါ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ မြို့နယ်အတွင်းရှိ တချို့က ဒေသခံတွေရဲ့ အိမ်ထောင်စုစာရင်းတွေကို ပြန်ပြင်စရာရှိတယ်ဆိုပြီး လဝကနဲ့ မြို့နယ်ထွေအုပ်က ယူသွားတာ လက်ရှိအချိန်ထိ ပြန်မရသေးတဲ့ အိမ်ထောင်စုအမြောက်အမြား ရှိနေသေးတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း လုပ်ပေးနေတာတွေ ရှိနေပေမမဲ့ အိမ်မဲမြို့နယ်မှာတော့ ရွာတွေအထိ ကွင်းဆင်းလုပ်ပေးတာမရှိဘဲ မြို့နယ်ရုံးမှာပဲ သွားလုပ်နေရတာဖြစ်ပါတယ်။

တကောရွာ ဒေသခံတယောက်က “မှတ်ပုံတင်က သက်တမ်းကျော်နေတာ ကြာပြီ။ သူတိုနဲ့ မပတ်သက်ချင်လို သွားမလုပ်ဖြစ်တာ။ သွားလုပ်ရင် ပိုက်ဆံကပေးရမယ်။ မပေးရင်လည်း တခေါက်နဲ့ မပြီး၊ နှစ်ခေါက်နဲ့ မပြီးဘူး။ အသိတယောက် သွားလုပ်တာ ၈ သောင်း ပေးခဲ့ရတယ်။ နာရီပိုင်းအတွင်းနဲ့တင် ရတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်ရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်ကတော့ သူတို့အနေနဲ့ ပြည်သူတွေကို မှတ်ပုံတင် ထုတ်ပေးရာမှာ အထောက်အထားပြည့်စုံတဲ့ မွေးရာပါနိုင်ငံသားတွေကို နေ့ချင်းပြီး ထုတ်ပေးနေပြီး အချက်အလက် မပြည့်စုံတဲ့သူတွေကို ၂ ပတ်အတွင်း ထုတ်ပေးဖို့ ညွှန်ကြားထားတယ်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြည်သူ့လွှတ်တော်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် ဝန်ထမ်းတွေ ငွေကြေးမတောင်းကြဖို့နဲ့ ပြည်သူတွေအနေနဲ့ ငွေပေးရရင် တိုင်ကြားနိုင်ပြီး အဲဒီလို တိုင်ကြားလာရင် အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013