DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း၌ မှတ်ပုံတင်လုပ်ရန် ငွေကျပ် သိန်းချီလာဘ်ထိုးနေရ 
DVB
·
October 24, 2026
မော်လမြိုင်ကျွန်းမြို့တွင် လဝကက မှတ်ပုံတင် ပြုလုပ်ပေးနေပုံ၊ Photo: KL
မော်လမြိုင်ကျွန်းမြို့တွင် လဝကက မှတ်ပုံတင် ပြုလုပ်ပေးနေပုံ၊ Photo: KL
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) လုပ်ကိုင်ရာမှာ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးက ငွေကျပ် ၁ သိန်းအထိ လာဘ်ငွေ တောင်းခံ နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရတယ်လို့ မှတ်ပုံတင်လုပ်ကိုင်သူတွေဆီက သိရ ပါတယ်။

ဒေသခံတွေအနေနဲ့ မှတ်ပုံတင်လုပ်တဲ့အခါ လဝကရုံးက လိုအပ်တဲ့ အထောက်အထားတွေအပြင် တခြားစာရွက်စာတမ်းတွေ ထပ်မံတောင်းခံတာ၊ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

တောင်းခံတဲ့ငွေပမာဏအတိုင်း အနည်းဆုံး ကျပ် ၁ သိန်းပေးမှသာ အဆင်ပြေပြေ လုပ်ပေးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ပုံစံအမျိုးမျိုးနဲ့ ငွေညှစ်တာ၊ ရစ်တာတွေ လုပ်နေတယ်။ မှတ်ပုံတင်လုပ်မယ်ဆိုရင် သန်းခေါင် စာရင်းမူရင်းနဲ့ မိတ္တူ၊ မွေးစာရင်း၊ မိဘနှစ်ပါးရဲ့ မှတ်ပုံတင်၊ သွေးစစ်လက်မှတ်နဲ့ ရပ်ကွက် ထောက်ခံစာတွေ ပါရတယ်။ အဲဒီအထောက်အထားတွေ အစုံမပါရင် လုပ်မပေးဘူး။ မိဘ တယောက်ယောက်ရဲ့ မှတ်ပုံတင်ပျောက်နေတာဖြစ်ဖြစ်၊ ပျက်စီးနေတာပဲဖြစ်ဖြစ် လဝက အတွက် ငွေညှစ်ဖို့ အခွင့်အရေးတခုလို ဖြစ်နေတယ်။ ငွေမပေးရင် အဘိုး၊ အဘွားတွေအထိ လိုက်မေး တာတွေ ရှိတယ်။”

လဝကရုံးနဲ့ နီးစပ်တဲ့ ဝန်ထမ်းဟောင်းတယောက်ကလည်း ရက် ၁၀၀ စီမံချက်အပါအဝင် စီမံချက် အမျိုးမျိုးနဲ့ မှတ်ပုံတင်တွေကို အခမဲ့လုပ်ပေးနေတယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ ငွေသိန်းချီပေးရတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ဝန်ထမ်းတယောက်က “ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်တွေကို အခမဲ့လုပ်ပေးနေတယ်လို့ ကြေညာထားပေမဲ့ ငွေမပေးဘဲ မှတ်ပုံတင်ရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က လဝကရုံးဟာ ဒီလိုကိစ္စတွေနဲ့ နာမည် ဆိုးထွက်နေတာ ကြာပြီ။ တောင်းတဲ့ငွေပမာဏအတိုင်း မပေးရင် အကြောင်းအမျိုးမျိုးပြပြီး ဟိုဌာနလွှတ်လိုက်၊ ဒီဌာနလွှတ်လိုက်နဲ့ အချိန်ဆွဲတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မှတ်ပုံတင်အသစ်လုပ်တဲ့အခါသာမက အသက် ၁၈ နှစ်ပြည့်လို့ နိုင်ငံသားစိစစ်ရေးကတ် လဲလှယ်တဲ့အခါမှာလည်း အနည်းဆုံး ကျပ် ၁ သိန်းအထိ ပေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငွေမပေးရင် မှတ်ပုံတင်လဲလှယ်လို့ မရဘူးလို့လည်း ပြောပါတယ်။

အိမ်ထောင်စုစာရင်း အတိုးအလျှော့လုပ်တာနဲ့ အသစ်ပြန်လည်ပြုလုပ်တာတွေမှာလည်း ငွေကျပ် ၃၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မှတ်ပုံတင်ပျောက်ဆုံးလို့ ပြန်လည်လျှောက်ထားတဲ့အခါမှာလည်း ဌာနတခုနဲ့တခု လွှဲပြောင်း ပေးနေတာကြောင့် အချိန်ကြန့်ကြာပြီး အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်တပ်အာဏာမသိမ်းခင်ကလည်း မှတ်ပုံတင်လုပ်တဲ့အခါ ငွေပေး ရတာတွေ ရှိခဲ့ပေမဲ့ အခုလို ငွေကျပ်သိန်းချီအထိ ပေးရတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013