
ဧရာဝတီတိုင်း လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိတိုက်နယ်ဈေးမှာ အောက်တိုဘာ ၁၅ ရက် မနက် ၁၁ နာရီခွဲလောက်က စည်ပင်သာယာရေးအဖွဲ့နဲ့ တရားဝင်လိုင်စင်ပိုင်ရှင်တွေ မပါဝင်ဘဲ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေနဲ့ လူမိုက်တွေက ဈေးသည်တွေဆီက ငွေကြေး တောင်းယူ ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျိုက်ပိတိုက်နယ်ဈေးအတွင်း အသားစိမ်းနဲ့ ငါးစိမ်းရောင်းချနေတဲ့ ဒေါ်မြင့်မြင့်အေးကို မော်လမြိုင်ကျွန်းမြို့နယ်အခြေစိုက် ခမရ (၅၃၄) တပ်က စစ်အာဏာရှင်တပ်သား ဝေယံစိုးနဲ့ လူမိုက် ၂ ယောက်တို့က အမဲသားရောင်းချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် ဒေါ်မြင့်မြင့်အေးကို ကျိုက်ပိတဖက်ကမ်းရှိ ညောင်တုန်းစုကျေးရွာက “ရွှေဥ” မိသားစု စားသောက်ဆိုင်ကို ခေါ်ဆောင်သွားပြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်း အမဲသားသတ်လိုင်စင် နဲ့ပတ်သက်တဲ့ လေလံကိစ္စကို အကြောင်းပြကာ ငွေကျပ် ၁၅ သိန်း အဓမ္မတောင်းယူခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “အမဲသားရောင်းချတဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမယ်ဆိုရင် သက်ဆိုင်ရာဌာန တွေနဲ့ လိုင်စင်ပိုင်ရှင်တွေ ပါဝင်သင့်ပါတယ်။ အခုလို တပ်ဖွဲ့ဝင်တွေနဲ့ လူမိုက်တွေက လာရောက် ဖမ်းဆီးပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတော့ ဈေးသည်တွေအနေနဲ့ အခက်အခဲတွေ ကြုံနေရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျိုက်ပိဈေးနဲ့ ပတ်ဝန်းကျင်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကိုလည်း အမဲသားဟင်းနဲ့ အမဲကြော်ရောင်းချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဆိုင်ကို ငွေကျပ် ၁၅၀,၀၀၀ စီ ထပ်မံတောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုပ်ငန်းရှင်တယောက်က “ဓားပြတိုက်သလို လိုက်ဖမ်းပြီး ငွေတောင်းသွားတာပါ။ ခမရ (၅၃၄) တပ်က တပ်သားနဲ့ သူ့အဖွဲ့က ဥပဒေမဲ့ လုပ်ဆောင်သွားတာပါ။ အခုလိုမျိုး လုပ်နေတော့ ဈေးသည်တွေအနေနဲ့ အလုပ်လုပ်ကိုင်ဖို့ အခက်အခဲတွေ ရှိလာပါတယ်” လို့ ပြောပါတယ်။
အခုလို လာရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူရာမှာ စည်ပင်သာယာရေးအဖွဲ့ ကိုယ်စားလှယ် တွေနဲ့ တရားဝင်လိုင်စင်ပိုင်ရှင်တွေ မပါဝင်ခဲ့တာကြောင့် ဥပဒေနဲ့အညီ စစ်ဆေးတာထက် ငွေညှစ်တာမျိုးသာ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် လိုင်စင်မှာ ဖော်ပြထားတဲ့ စည်းကမ်းချက်တွေကိုလည်း ပြသနိုင်ခြင်းမရှိသလို၊ မြို့နယ်တခုလုံးမှာ အမဲသားစားသုံးခွင့် ပိတ်ပင်ထားတာမျိုးလည်း မရှိဘဲ အသားစိမ်းရောင်းချ တဲ့ဆိုင်တွေအပြင် ချက်ပြုတ်ထားတဲ့ အမဲသားဟင်းလျာတွေ ရောင်းချတဲ့ဆိုင်တွေကိုပါ အကြောင်း ပြပြီး ငွေကြေးတောင်းခံနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ ဈေးသည်တွေ အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။











