
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ကလေးခိုးယူပြီး တောင်းရမ်းခိုင်းတဲ့ အမျိုးသားတယောက်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က အသက် ၃ နှစ် အရွယ် ကလေးငယ်ကို ခိုးယူခဲ့ပြီးနောက် တောင်းရမ်းခိုင်းစေတာ၊ နှိပ်စက်ညှဉ်းပန်းတာတွေ လုပ်ဆောင်ခဲ့တဲ့ သန်းတိုးအောင်ကို ဇူလိုင် ၂၁ ရက် ညပိုင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
တောင်းရမ်းခိုင်းစေခံရတဲ့ ကလေးငယ်ကိုတော့ ဇူလိုင် ၁၈ ရက်က ပြန်လည်တွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့ သန်းတိုးအောင်ဟာ ထွက်ပြေး တိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ကလေးခိုးမှု ကျူးလွန်တဲ့ အမျိုးသားကို မော်လမြိုင်ကျွန်းဘက်မှာ ဖမ်းမိတာပါ။ လက်ရှိ မော်လမြိုင်ကျွန်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ပြည်သူတွေရဲ့ သတင်းပေးချက်နဲ့ ဖမ်းမိထားတာ” လို့ ပြောပါတယ်။
ကလေးငယ်ဟာ ပျောက်ဆုံးနေတဲ့ ကာလအတွင်း ပြင်ပဒဏ်ရာများစွာ ရရှိထားတဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ကျူးလွန်သူ သန်းတိုးအောင်ဟာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျီးစုအနီး လယ်ကွင်းထဲမှာ နေထိုင်သူဖြစ်ပြီး မော်လမြိုင်ကျွန်းမြို့နယ်မှာ ဖမ်းမိတာကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဆီ လွှဲပေးဖို့ ပြင်ဆင်နေပါတယ်။











