DVB Logo
Home
မြန်မာသတင်း
ရွှေဘိုနယ်၌ စစ်တပ်က ပြည်သူပိုင်ပစ္စည်းများ ခိုးယူ၊ စက်သုံးဆီများ ထုတ်ယူ ပြန်ရောင်းစားနေ
DVB
·
October 25, 2026
Photo: CJ
Photo: CJ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် မြို့အဝင် မင်းကုန်းရွာ အထိုင်ဂိတ်တပ်သားတွေနဲ့ အိုးဖိုရွာ၊ ကင်းဗျားရွာတို့ကို ယာယီတပ်စွဲထားတဲ့ စစ်အာဏာရှင် လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ စက်သုံးဆီပန့်ဆိုင် ၂ ဆိုင်က ဆီတွေနဲ့ ကျေးရွာ ၃ ရွာက ပြည်သူပိုင်ပစ္စည်းတွေကို ထုတ်ယူပြီး တဝက်စျေးနဲ့ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​စစ်တပ်က စက်တင်ဘာလ ၂၆ ရက်မှာ ရွှေဘိုမြို့အဝင် ရွှေဘို-ဆိပ်ခွန်လမ်းဘေးရှိ မင်းကုန်းရွာ အထိုင်စခန်းကို စစ်အင်အား ၁၀၀ လောက်နဲ့ ရောက်ရှိလာခဲ့ပြီးတဲ့နောက် စက်တင်ဘာလ ၂၇ ရက်မှာ မင်းကုန်းရွာအနောက်ဘက်ရှိ အိုးဖိုရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့ပြီး အိုးဖိုဘုန်းကြီးကျောင်းမှာ ယာယီအထိုင်ချ တပ်စွဲခဲ့ပါတယ်။

​အဆိုပါစစ်ကြောင်း ရောက်ရှိချိန်က စတင်ပြီး မင်းကုန်းရွာအထိုင်စခန်းနဲ့ အိုးဖို၊ ကင်းဗျားရွာတို့ကို ယာယီတပ်စွဲထားတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေဟာ မင်းကုန်းရွာနဲ့ အိုးဖိုရွာကြားက စက်သုံးဆီပန့်ဆိုင် ၂ ဆိုင်က ဓာတ်ဆီနဲ့ ဒီဇယ်တွေကို ထုတ်ယူခဲ့ပြီး ဆီတွေကို ပြင်ပပေါက်ဈေးရဲ့ တဝက်ဈေးနဲ့ ပြန်လည်ရောင်းစားနေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

​ဒါ့အပြင် မင်းကုန်း၊ အိုးဖိုနဲ့ ကင်းဗျားရွာတွေက ပြည်သူပိုင်ယာဉ်တွေကို အသုံးပြုပြီး ဆန်စပါး၊ တောင်သူသုံးစက်ပစ္စည်းတွေ၊ မြေဩဇာနဲ့ အိမ်တွင်းပရိဘောဂပစ္စည်းတွေ အပါအဝင် စက်ဘီး၊ ဆိုင်ကယ်တွေကိုပါ ခိုးယူသယ်ထုတ်သွားကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

​အဆိုပါ ခိုးယူလာတဲ့ ပစ္စည်းတွေကို ရွှေဘို ညောင်ပင်သာလမ်းဘေးက စစ်တပ် အထိုင်ချရာ ရွာတွေနဲ့ မြို့အစွန်ရပ်ကွက်တွေကို တဝက်စျေးနဲ့ ပြန်လည်ရောင်းချနေတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“အရင်က မြို့အနောက်ဘက် မြို့အထွက် မင်းကုန်းရွာမှာ ဂိတ်ချပြီး သူတို့စိုးမိုးထားတာပါ။ အခု မင်းကုန်းအနောက်ဘက် အိုးဖိုကနေ ကင်းဗျားနဲ့ ချီပါစိုက်ခြံထိ တိုးပြီးနေနေတာ ၂၅ ရက်ရှိပြီ။ သူတို့ရောက်ကတည်းက သယ်နေတာ  မြို့ပြင်ကားကြီးကွင်းလမ်းကနေ ညောင်ပင်သာလမ်းဘက် သယ်ထုတ်နေတာ။ ကင်းဗျား၊ အိုးဖိုနဲ့ မင်းကုန်းဂိတ်နားက စျေးဆိုင်တွေနဲ့ ပြည်သူ့အိမ်တွေက ပစ္စည်းတွေ လည်ကုန်သလောက် ရှိပြီ။ ပန့်ဆိုင် ၂ ဆိုင်က ဆီတွေလည် တစ်လီတာ ၄,၀၀၀ နဲ့ တဝက်စျေးပြန်ရောင်းလို့ ကုန်ပြီလို့ ကြားတယ်။ အခုတော့ ရှောင်နေရလို့ ဘာတွေ ပါသွားတယ် ဆိုတာတော့ မသိရသေးပါဘူး။”

​စစ်တပ်က မင်းကုန်းရွာကို အထိုင်ချ တပ်စွဲထားရုံသာမက အိုးဖိုရွာ၊ ကင်းဗျားရွာနဲ့ ချီပါမျိုးသန့်စိုက်ခြံတို့အထိ တပ်ဖြန့်နေရာယူထားတာ ရက်ပေါင်း ၃၀ နီးပါးရှိပြီ ဖြစ်ပါတယ်။  

​အဆိုပါ စစ်ကြောင်းရောက်ရှိချိန်ကစပြီး အိုးဖို၊ ကင်းဗျားရွာတို့ အနီးတဝိုက်က လယ်တောတွေနဲ့ ချီပါတောင်ရွာ၊ ချီပါမြောက်ရွာဘက်ကို စစ်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ်နဲ့အမျှ ပစ်ခတ်ကြဲချနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

​ဒါ့အပြင် အမှတ် (၈) လေ့ကျင့်ရေးတပ်နဲ့ မြို့အဝင် တောင်မုဒ်စစ်ဆေးရေးဂိတ်တို့ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတာကြောင့် ကျေးရွာ ၆ ရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

​ဒီအခြေအနေတွေကြောင့် ရွှေဘို-ဆိပ်ခွန်၊ မူးကမ်းကြီး၊ မုံရွာသွားကားလမ်းကို လုံးဝသွားလာအသုံးပြုလို့ မရတော့တဲ့အတွက် ရွှေဘိုအနောက်ခြမ်းနဲ့ ဒီပဲယင်းအရှေ့ခြမ်းဘက်က ကုန်တင်ယာဉ်တွေဟာ ကွင်းလမ်းတွေကနေ ကုန်စည်တွေကို သယ်ယူနေကြရပါတယ်။

​ဒီလိုလမ်းကြောင်း အခက်အခဲတွေကြောင့် ကုန်စည်စျေးနှုန်းတွေ မြင့်တက်လာပြီး ဒေသခံပြည်သူတွေဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရ ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013