
စစ်မှုထမ်းကိစ္စတွေဟာ စစ်တပ်နဲ့မဆိုင်တာကြောင့် ဂရုမစိုက်ဖို့ပြောတဲ့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က ဒု အုပ်ချုပ်ရေးမှူးကို တပ်ရင်းမှူးက ခေါ်ယူသတိပေးတာကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ တပ်ရင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဝေလင်းနဲ့ မော်လမြိုင်ကျွန်းမြို့အခြေစိုက် ခမရ ၅၃၄ တပ်ရင်းမှူး ထက်ကိုကိုတို့ဟာ ဇူလိုင် ၂၉ ရက်က ခိုက်ရန်ဖြစ်ခဲ့တာလို့ဆိုပါတယ်။
ခမရ ၅၃၄ တပ်ရင်းနဲ့နီးစပ်သူတယောက်က “ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဒုအုပ်ချုပ်ရေးမှူးက တွေ့ဆုံစကားပြောတော့ ထည့်ပြောခဲ့တဲ့ကိစ္စနဲ့ ဖြစ်တာ။ စစ်မှုထမ်းကိစ္စတွေ က စစ်တပ်နဲ့ ဘာမှမသက်ဆိုင်ဘူး။ ဂရုစိုက်ဖို့ မလိုဘူး။ တပ်ရင်းမှူးနာမည်ကိုပါ ထည့်ပြောတာ။ ဗိုလ်ကြီးတွေ၊ တပ်ရင်းမှူးတွေကို ဂရုမစိုက်ဖို့ပြောတာ။ ဒုထွေအုပ်ကို တပ်ရင်းမှူးက ခေါ်သတိ ပေးတဲ့အထိ ဖြစ်ခဲ့တာ။ ထွေအုပ်ဘက်က သတင်းဖုံးထားပါတယ်” လို့ပြောပါတယ်။
ဇူလိုင်လ တတိယအပတ်က မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး က အုပ်ချုပ်ရေးမှူးတွေအနေနဲ့ တပ်ရင်းမှူးထက်ကိုကိုနဲ့ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေကိုမဖားဖို့နဲ့ ဂရုမစိုက်ဖို့၊ မိမိကိုသာ ဆက်ဆံ ပြောဆိုလုပ်ဆောင်ကြဖို့ ပြောဆိုခဲ့တာလို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့နီးစပ်သူက “ဒုထွေအုပ်ကို ထွေအုပ်ကြီးက ခေါ်ယူစစ်ဆေးနေတယ်။ ဒီကိစ္စက ဒီအတိုင်းမပြီးသေးဘူး။ တပ်ဘက်က လက်မခံဘူး။ ဘာတွေ ထပ်ဖြစ်မလဲမသိဘူး” လို့ ပြောပါတယ်။
တပ်ရင်းမှူးနဲ့ တပ်အရာရှိတွေကို နာမည်တပ်ပြောဆိုခဲ့တဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး အောင်ဝေလင်း ဟာ မြို့နယ်အတွင်း စစ်မှုထမ်းကိစ္စတွေမှာ ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လာဘ်စားမှုနဲ့ နာမည်ကျော်ဇောနေသူ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။










