DVB Logo
Home
မြန်မာသတင်း
မှတ်ပုံတင်အတုဖြင့် စစ်မှုထမ်းမထည့်ရန် လဝကဝန်ကြီးပြော၊ Chip ပါသည့် UID ကတ် ထုတ်ပေးမည်ဟုဆို 
DVB
·
September 30, 2026
အိမ်မဲတွင် မှတ်ပုံတင် ပြုလုပ်နေမှုကို စစ်အာဏာရှင် လဝကဝန်ကြီး ဦးမြင့်ကြိုင် လိုက်ကြည့်နေစဉ်။ (Photo: MOI)
အိမ်မဲတွင် မှတ်ပုံတင် ပြုလုပ်နေမှုကို စစ်အာဏာရှင် လဝကဝန်ကြီး ဦးမြင့်ကြိုင် လိုက်ကြည့်နေစဉ်။ (Photo: MOI)
Donate to DVB

စစ်အာဏာရှင်လက်အောက်ခံ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အနေနဲ့ လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီး စစ်မှုထမ်းရင် မှတ်ပုံတင်အတုနဲ့ သန်းခေါင်းစာရင်းအတုလုပ်ပြီး မထည့်ဖို့ လ၀က၀န်ကြီး ဦးမြင့်ကြိုင်က ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ မြေပြင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့သူတွေကို မှတ်ပုံတင်အတုနဲ့ သန်းခေါင်စာရင်းအတုလုပ်ပြီး စစ်မှုထမ်း စာရင်းသွင်းတဲ့ ဖြစ်စဉ်တွေ ရာဂဏန်းထိရှိနေပြီး အရေးယူခံရသူတွေ အတော်များနေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

စစ်အာဏာရှင်အစိုးရကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ၁ နှစ်ကို လူဦးရေ ၅၀,၀၀၀ လောက်ကို ခေါ်ယူဖို့ သတ်မှတ်ထားတာပါ။ လက်ရှိမှာတော့ အပတ်စဉ် ၂၈ ထိ ရောက်ရှိနေပြီး သင်တန်း အပတ်စဉ်အလိုက် စုစုပေါင်း လူငယ် သိန်းနဲ့ချီ စုဆောင်းထားပါတယ်။

၂၀၂၇ ခုနှစ်အတွင်း တပြည်လုံး အသုံးပြုနိုင်မဲ့ Chip ပါတဲ့ UID ကတ်တွေကို ထုတ်ပေးတော့မယ်လို့လည်း ဦးမြင့်ကြိုင်က ပြောပါတယ်။

၂၀၂၆ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေမှာ Chip ပါတဲ့ UID ကတ်တွေ ထုတ်ပေးမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာတေ့ တနိုင်ငံလုံး ထုတ်ပေးမယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲ နေပြည်တော်ကောင်စီနယ်မြေမှာ နိုင်ငံတကာ သုံးသလို Chip ပါတဲ့ ကတ်ကို ပေးမှာဖြစ်ပြီး နောက်တနှစ်မှာတော့ ရှမ်းပြည်နယ်နဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ Chip ပါတဲ့ ကတ်တွေ ပေးတော့မှာလို့ ပြောပါတယ်။

ပတ်စ်ပို့လုပ်ပြီး နယ်စပ်ဂိတ်တွေကနေ ဖြတ်မယ်ဆိုရင် UID ကတ် မပါရင် ဖြတ်သန်းခွင့်ပြုတော့မှာ မဟုတ်ဘဲ။ နောက်ပိုင်းကျရင် ပင်စင်စားတွေ လစာထုတ်တာနဲ့ နောက်ကျရင် ဘယ်သူမဆို ဘဏ်ကငွေထုတ်ရင် UID ကတ်ပါမှ ပေးတော့မှာလို့ အသိပေးလိုက်ပါတယ်။

စစ်တပ်က အာဏသိမ်းပြီးနောက်ပိုင်းမှာ လ၀က၀န်ကြီးဌာနက EID စနစ်တခု စတင်ဆောင်ရွက်ခဲ့ပြီး အခု လက်ရှိထုတ်ပေးနေတာတွေဟာ စမတ်ကတ်စနစ် စတင်နိုင်ဖို့အတွက် ကနဦးအဆင့်အနေနဲ့ လဝကဘက်ကနေ ယာယီမှတ်တမ်း- Unique Identification Number (UID/EID) ဆိုတာကို ထုတ်ပေးထားတာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ စစ်အာဏာရှင်အစိုးရဟာ စနစ်ကို အသုံးပြုပြီး နိုင်ငံသားတွေကို ခြေရာခံတာ၊ စောင့်ကြည့်တာတွေ လုပ်ဆောင်နေသလို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ အသုံးပြုနေတယ်လို့ ဝေဖန်ကြတာ ရှိပါတယ်။

Source: လဝက 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013