
ဘာစီလိုနာမှာ အငှားသွားရောက်ကစားနေတဲ့ မားကတ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသေအချာ မဆုံးဖြတ်ရသေးကြောင်း မန်ယူနည်းပြ မိုက်ကယ်ကားရစ်က ပြောကြားလိုက်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ နဲ့ အပြတ်ဝယ်ယူခွင့် ဘာစီလိုနာမှာ ရှိနေပေမဲ့ ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး သူတို့ဘက်က ဆုံးဖြတ်ရမှာပါ။
ရက်ရှ်ဖို့ဒ်ဟာ မန်ယူနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးသလို၊ အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် သူ့ရဲ့လစာဟာ ၂၅ ရာခိုင်နှုန်းအထိ တိုးလာဖို့ ရှိနေပါတယ်။ နည်းပြကားရစ်ကတော့ "လက်ရှိမှာ ဘာမှမဆုံးဖြတ်ရသေးပေမဲ့ အချိန်တန်ရင်တော့ တခုခုဖြစ်လာမှာပါ" လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာ မန်ယူဟာ ချဲလ်ဆီးနဲ့ပွဲအတွက် ပြင်ဆင်နေပြီး နောက်တန်းမှာ မက်ဂွိင်းယား၊ မာတီနက်ဇ်နဲ့ ယိုရိုတို မပါနိုင်တာကြောင့် လူငယ်ကစားသမား အေဒင်ဟဲဗန်ကိုသာ အမာခံထားပြီး ပွဲထွက်လာရဖို့ ရှိနေပါတယ်။










