
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မတ် ၁၈ ရက်က စစ်တပ်လက်အောက်ခံ တပ်ကြပ်တယောက်နဲ့ တပ်သားတယောက်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဘက်ပြောင်းလာကြတယ်လို့ သိရပါတယ်။
နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူ ခလရ ၂၅၈ ကနေ တွင်းမရွာမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ဇော်ကြီး အသက် ၂၃ နှစ်နဲ့ တပ်သား ဇင်မင်းအောင် အသက် ၂၀ တို့ ၂ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ ကျနော်တို့ တပ်ဖွဲ့ဆီကို ချိတ်ဆက်အလင်းဝင် ဘက်ပြောင်းလာကြတာပါ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ MA1 သေနတ် တလက်၊ MA3 သေနတ် တလက်၊ ကျည်ဘောက် ၄ ခုနဲ့ ကျည်အတောင့် ၈၀ တို့ ယူဆောင်လာကြတယ်လို့ ဆိုပါတယ်။
နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “သူတို့ ၂ ယောက်က ကင်းတာဝန်ကျ နေတဲ့အချိန် ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ အဲဒီနေ့ မနက် ၉ နာရီလောက်မှာ တွင်းမပျူရွာထဲ ကနေ လက်နက်တွေယူပြီး ထွက်ပြေးလာကြတာကို ရဲဘော်တွေ သွားကြိုလာတာ နေ့လယ် ၁၂ လောက်မှာတော့ စခန်းကို ရောက်လာကြတယ်။ လက်နက်ခဲယမ်းတွေလည်း ပါလာကြတော့ တယောက်ကို သိန်း ၂၀ အနည်းဆုံးထားပြီး ဆုကြေးပေးအပ်သွားဖို့တော့ စီစဥ်ထားတယ်။ သူတို့ အတွက် သီးသန့်ထောက်ပံ့ချင်တဲ့သူတွေ ရှိရင်တော့ သူတို့ ပိုရမှာပေါ့” လို့ DVB ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နဂါးနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဘက်ပြောင်းခိုလှုံ လာကြတဲ့ စစ်တပ်လက်အောက်ခံ ၇ ယောက်ထိ ရှိနေပြီး အဲဒီထဲက ၄ ယောက်ကတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီတပ်ကို ပြန်လည်တွန်းလှန် တိုက်ခိုက်နေကြတယ်လို့ လည်း သူက ဆက်ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေဖြစ်ကြတဲ့ တွင်းမ၊ ကန်နီ၊ သရက်ကန်၊ ဝက်ပုတ်နဲ့ သရက်ကွ စတဲ့ ပျူစောထီးကျေးရွာတွေက ပြည်သူတွေဟာ အစားအစာ ရှားပါးပြီး အငတ်ဘေးနဲ့ ရင်ဆိုင် ကြုံလာကြတဲ့အတွက် ထွက်ပြေးလာကြပြီး နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ မကြာခဏ ဝင်ရောက်ခိုလှုံနေကြတယ်လို့လည်း မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တွေဆီက သိရပါတယ်။










