DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အိမ်သုံးဂတ်စ် LNG ပြတ်လပ်နေပြီး ဈေးတက်နိုင်
DVB
·
October 17, 2026
Photo : DVB
Photo : DVB
Donate to DVB

အိမ်သုံးဂက်စ် (LPG) ဖြည့်ပေးတဲ့ ဆိုင်တွေမှာ ဂက်စ်အရည်တွေ ပြတ်လပ်နေပြီး ဈေးနှုန်းတွေ ကလည်း လက်ရှိဈေးထက်ထပ်မံမြင့် တက်လာဖို့ ရှိနေတယ်လို့ ဂက်စ်အိုးနဲ့ အပိုပစ္စည်း ရောင်းဝယ် တဲ့ ဆိုင်တွေကနေ သိရပါတယ်။

အိမ်သုံးဂက်စ်ဘူးအသေးတဘူးကို ပြီးခဲ့တဲ့လကထိ ကျပ် ၁,၅၀၀ ဝန်းကျင်သာရှိခဲ့ပြီး လျှပ်စစ်မီး တွေ အချိန်ပိုင်း ပြတ်တောက်ချိန်ကစလို့ ကျပ် ၂,၅၀၀ ဝန်းကျင်ထိ မြင့်တက်လာခဲ့တာပါ။

ဒါ့အပြင် တပိဿာဈေးနှုန်းကလည်း ကျပ် ၁၀,၀၀၀ ဝန်းကျင်ကနေ ၁၈,၀၀၀ ဝန်းကျင်ထိ မြင့်တက် နေပါတယ်။

ဂက်စ်အိုးနဲ့ အပိုပစ္စည်းရောင်းဝယ်တဲ့ လုပ်ငန်းရှင်တယောက်က “အမှန်ကတော့ ဂက်စ်ကရှိတယ် နိုင်ငံခြားကနေ ဆိပ်ကမ်းကိုရောက်တယ်၊ အခုလည်းရောက်တယ်။ ဖြစ်နေတာက ဒီဘက်က ဒေါ်လာ မရှိတာ အဲ့တော့ မရှင်းနိုင်ဘူး၊ မရှင်းနိုင်တော့ ဂက်စ်တင်လာတဲ့ သင်္ဘောတွေက ပြန်ပြန် လှည့်သွား ရတယ်။ ဒီမှာက ဆိုင်တွေဆီ ဂက်စ်က မရောက်တော့ဘူး၊ ရောင်းဖို့မရှိဘူး။ ဒီနေ့ဆို လုံးဝမှ မရောင်း ပေးနိုင်ဘူး ပစ္စည်းပြတ်သွားလို့။ မနက်ဖြန်မှရမယ်၊ ဒါတောင် ကျနော် ဘယ်ဈေးရောင်းမလဲဆိုတာ အတိအကျမပြောနိုင်ဘူး။ မနက်ဖြန်ဆို ဈေးတွေက အခုထက် ထပ်တက်လာမှာပါ” လို့ ပြောပါတယ်။

ပြည်တွင်းမှာ အသုံးပြုနေတဲ့ အိမ်သုံးဂက်စ်တွေကို ပင်လယ်ရေကြောင်းကနေတဆင့် အင်ဒိုနီးရှားနိုင်ငံကနေ တင်သွင်းနေရပြီး နယ်စပ်လမ်းကြောင်းကနေတဆင့် ထိုင်းနိုင်ငံကနေလည်း တင်သွင်းနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်ကစလို့ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးမဲ့အပြင် ဒီအစီအစဉ်ကလည်း လာမဲ့ ၂၀၂၇ ခုနှစ်အထိ ကြာမြင့်နိုင်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ လျှပ်စစ်ဌာန ထုတ်ပြန် ထားပြီးနောက် ပြည်သူတွေဟာ နေ့စဉ်အချိန်မှန်ချက်ပြုတ်နိုင်ဖို့အတွက် အိမ်သုံးဂတ်စ်တွေကို ပိုမို သုံးဆွဲလာနေကြရပါတယ်။

အလုံမြို့နယ်မှ အိမ်ရှင်မတယောက်က “အနည်းဆုံး ၃ ဘူးလောက်က ဆောင်ထားရတယ်၊ အခု သွားထည့်တာ ဆိုင် ၃ ဆိုင်မှာ ၂ ဆိုင်က ကုန်ပြီလို့ စာပါ ချိတ်ထားရတယ်။ တဆိုင်ကတော့ တဘူးပဲ ထည့်လို့ရခဲ့တယ် ပိုမရဘူး။ တချို့ရက်တွေဆို အဲ့တဘူးထည့်ဖို့တောင် တညအိပ် ဘူးပေးခဲ့ရတယ်၊ ဒီနေ့ထည့် ဒီနေ့ မရဘူး။ ဒီနေ့ ဘူးထားခဲ့ နောက်နေ့ နေ့လယ်လောက်မှ ရတာ၊ မီးက မမှန်တော့ အပိုကုန်တာတွေ ဖြစ်လာတာပေါ့။ ၂,၀၀၀ နဲ့ ၂,၅၀၀ ကြားရှိတယ် အခု ဂတ်စ်အသေးတဘူးကို မီးသွေးနဲ့ ဂတ်စ်ကို မျှသုံးနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တချို့ဂတ်စ်အရောင်းဆိုင်တွေကလည်း ပုံမှန်ဖောက်သည်တွေကိုသာ ဦးစားပေး ရောင်းချ နေရသလို လူတယောက်ကို ခွဲတန်းပုံစံနဲ့သာ ရောင်းချပေးနေရပြီး ဆိုင်မှာဂတ်စ် အရည် မပြတ် သွားဖို့ ထိန်းရောင်းနေရတယ်လို့လည်း ဆိုကြပါတယ်။

အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေ ထွက်ငွေ မမျှတတဲ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့် လာချိန် လျှပ်စစ်မီး ပုံမှန်မရှိတာကြောင့် လူနေမှုဘဝတွေ ပိုမိုထိခိုက်လာကာ မီးဖိုချောင်စရိတ်အဖြစ် ဂတ်စ်ဖိုးအပါအဝင် မီးသွေးအတွက် ကုန်ကျစရိတ်တွေပါ ထပ်တိုးလာလို့ အများပြည်သူတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013