
ရန်ကုန်မှာ လူနေအိမ်တွေထဲအထိ ဝင်ရောက်ဖောက်ထွင်းသူတွေ ပိုမိုများပြားလာတာကြောင့် ရပ်ကွက်နေ ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထ လုံခြုံရေးယူဖို့ ပြင်ဆင်နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရပ်ကွက်အလိုက် ကင်းစောင့်နိုင်ဖို့အတွက် ပြည်သူတွေ စုပေါင်းပြီး အခကြေးငွေပေးကာ အနည်းဆုံး လူ ၂ ယောက်ကနေ ၃ ယောက်အထိ ငှားရမ်းတာ၊ သို့မဟုတ် တအိမ်စီ အလှည့်ကျ နေ့အလိုက် လမ်းအလိုက် ကင်းစောင့်ပေးတာတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
အလုပ်အကိုင် ရှားပါးလာတာ၊ စီးပွားရေး ကျပ်တည်းလာတာတွေအပြင် နိုင်ငံရေး အခြေအနေတွေကြောင့် အခုလို ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေဟာ နေ့စဉ်နဲ့အမျှ ပိုမိုဆိုးရွားလာတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ခံတယောက်က “နေ့ခင်းကြောင်တောင်ကြီးတောင် အိမ်ထဲကို ရုပ်တည်နဲ့ ဝင်လာကြတာ။ ဘာလုပ်တာလဲမေးတော့မှ အသိအိမ်နဲ့ မှားသွားလို့ပါဆိုပြီး ပြောတယ်။ လူတွေက တအားကို ရဲတင်းလာကြတာ။ မနက် ၂ နာရီလောက်ဆိုရင် သူတို့ စပြီး လှုပ်ရှားကြပြီ။ အဖွဲ့လိုက် လူခွဲပြီး ရေစက်တွေခိုး၊ ကားမှန်တွေ ဖြုတ်ကြတယ်။ သက်ကြီးရွယ်အိုတွေနဲ့ လူနည်းတဲ့အိမ်တွေကို ပစ်မှတ်ထားပြီး အိပ်မောကျနေချိန် ဝင်မွှေတာပါ။ ခက်တာက ဘယ်သူ့ဆီ တိုင်ရမှန်း မသိတာပဲ။ အခုတော့ တအိမ်ကို ၅,၀၀၀၊ ၁၀,၀၀၀ စီ ကောက်ဖို့ အကြမ်းဖျင်း လျာထားပြီး လမ်းသူလမ်းသားတွေနဲ့ တိုင်ပင်နေတုန်းပါ” လို့ ပြောပါတယ်။
ဖောက်ထွင်းလုယက်မှုတွေဟာ ဆင်ခြေဖုံးရပ်ကွက်တွေတင် မကဘဲ မြို့လယ်ခေါင်အထိပါ ရောက်ရှိလာနေပြီး တရားဥပဒေစိုးမိုးမှု အားနည်းလာတာကြောင့် တိုင်တန်းဖို့အတွက်လည်း မဝံ့မရဲ ဖြစ်နေကြရတယ်လို့ ဥပဒေအကြံပေးတွေနဲ့ မြို့ခံတွေက ဆိုပါတယ်။
ပန်းဘဲတန်းမြို့နယ်နေ ပြည်သူတယောက်က “ရဲတွေက နောက်ပိုင်း နိုင်ငံရေးလောက်ပဲ အာရုံစိုက်ကြတော့တာ။ အဲဒါကြောင့် တော်တော်များများက သူတို့နဲ့ အဆက်အစပ် မလုပ်ချင်တော့ဘဲ မတိုင်ဖြစ်တော့သလို ကိုယ့်ဘာသာပဲ ရှင်းလိုက်ကြတယ်။ အဆုံးရှုံးခံလိုက်ကြရတာပေါ့။ အခုတော့ ကျနော်တို့ ကိုယ်ထူကိုယ်ထ လုံခြုံရေးလေးထားဖို့ တိုင်ပင်နေကြတယ်” လို့ ပြောပါတယ်။
ရပ်ကွက်တချို့မှာ လမ်းအလိုက် လုံခြုံရေးယူဖို့ ပြင်ဆင်နေကြပေမဲ့လည်း ရပ်ကွက်အတော်များများမှာ လူငယ်ဦးရေ နည်းပါးလာတဲ့အပြင် စစ်မှုထမ်း ပေါ်တာဆွဲမှာကိုလည်း ကြောက်ရွံ့နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလကတည်းကစလို့ ဖောက်ထွင်းတာ၊ လုယက်တာ၊ အနုကြမ်းစီးတာနဲ့ ဓားပြတိုက်တာတွေဟာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာတင် မကဘဲ တိုင်းနဲ့ ပြည်နယ်အနှံ့မှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပါတယ်။











