DVB Logo
Home
နိုင်ငံတကာ
ရေဘေးသင့် ဘန်ကောက်မြို့ကို ဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ် ကြေညာ (ဓာတ်ပုံ) 
DVB
·
September 27, 2026
ရေဘေးသင့် ဘန်ကောက်မြို့ကို ဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ် ကြေညာ (ဓာတ်ပုံ) 
1 / 12
Photo: Reuters
Donate to DVB

ရေကြီးရေလျှံ သဘာဝဘေးနဲ့ ကြုံတွေ့နေရတဲ့ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်ကို  ဘေးအန္တရာယ်ကျရောက်နေတဲ့ ဒေသအဖြစ် မြို့တော်ဝန် ချတ်ချာ့ထ်စီတိပန်က စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ 

ဘန်ကောက်မြို့ နေရာအတော်များများမှာ စက်တင်ဘာလ ၂၆ ရက်က မိုးသည်းထန်ပြီး ရေလွှမ်းနေတဲ့ လမ်းမတွေပေါ်မှာ မော်တော်ယာဉ်တွေ ရေနစ်မြုပ်ကုန်ပြီး ဒေသခံတွေက လှေတွေနဲ့ သွားလာနေကြတာကို မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ 

လမ်းတချို့ ရေနစ်နေပြီး သီတင်းပတ်ကုန်ရက်တွေအတွင်း မိုးဆက်သည်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မြို့တော်မှာ ၂၄ နာရီကျော်ကြာ မိုးဆက်တိုက်ရွာခဲ့ပြီး တချို့ နေရာတွေမှာ မိုးရေချိန် ၅ ဒသမ ၉ လက်မကျော်ခဲ့တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။ 

စက်တင်ဘာ ၂၇ ရက်အထိ မိုးကြိုးမုန်တိုင်းတွေနဲ့အတူ မိုးကလည်း သည်းထန်စွာဆိုတဲ့ အဆင့်ကနေ အလွန်သည်းထန်စွာ ဆိုတဲ့ အဆင့်ထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စီးပွားရေးခရိုင်တွေနဲ့ လူနေရပ်ကွက်တွေ၊ အထူးသဖြင့် တူးမြောင်းတွေနားက နေရာတွေမှာ ရေက ခြေချင်းဝတ်အထိ ဒါမှမဟုတ် ဒူးဆစ်အထိ နစ်မြုပ်နေပါတယ်။

ဒေသခံတွေက စားသောက်ကုန်ပစ္စည်းတွေကို ကြိုဝယ်ပြီး သိုလှောင်ဖို့ စတိုးဆိုင်တွေဆီ အမြန် သွားခဲ့ကြပြီး ယာဉ်မောင်းတချို့က မြင့်တက်လာတဲ့ ရေဘေးကနေ လွတ်မြောက်စေဖို့ သူတို့ရဲ့ ကားတွေကို တံတားတွေပေါ်မှာ ရွှေ့တင် ထားခဲ့ကြပါတယ်။ 

ဒီအခြေအနေဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သလို အများပြည်သူနဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကိုလည်း ပျက်စီးစေနိုင်တယ်လို့ ဆိုပါတယ်။

တူးမြောင်းတွေနားမှာ နေတဲ့သူတွေ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေကို မြင့်တဲ့နေရာတွေဆီ ရွှေ့ပြောင်းထားကြဖို့ အစိုးရက အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပါတယ်။  

Photo: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013