
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ စစ်တပ်က ရန်ကြီးအောင်ပန်းခြံအတွင်း ဝင်ရောက်လာတဲ့ စိတ်ဝေဒနာရှင် အမျိုးသားတယောက်ကို ခန်းမတံခါး ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး သွားခဲ့ပြီး မိသားစုဝင်တွေဘက်က ငွေကြေးပေးပြီး တောင်းပန်ခဲ့ပေမဲ့ လွှတ်ပေးခြင်း မရှိသေးဘူးလို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းက ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်နေ အသက် ၃၀ ခန့်အရွယ်ရှိ စိတ်ဝေဒနာရှင် အမျိုးသားတယောက်ဟာ ရန်ကြီးအောင်ပန်းခြံအတွင်းကို ဝင်ရောက်သွားခဲ့ ပြီးတဲ့နောက် ပန်းခြံအတွင်းရှိ ရန်ကြီးအောင်ခန်းမကို စောင့်ကြပ်နေတဲ့ စစ်သားနဲ့ ရဲတွေက အဆိုပါ အမျိုးသားက ခန်းမကို ခဲနဲ့ပေါက်တယ်လို့ ဆိုကာ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးပြီးတဲ့နောက် မိသားစုဝင်တွေက ငွေသိန်း ၂၀ အထိ ပေးအပ်ပြီး တောင်းပန်ခဲ့ပေမဲ့ လွှတ်မပေးဘဲ တပ်တွင်းကို ပို့ဆောင် ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ခန်းမထဲမှာ စည်ပင်လူကြီး နေတာပါ။ ခန်းမမှန်တံခါးတွေ ရိုက်ခွဲလို့ဆိုပြီး စည်ပင်လူကြီးက အစောင့်တွေကို ဖမ်းခိုင်းတာပါ။ ပြတင်းပေါက်မှန် တချပ်တော့ ကွဲနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ရိုက်ခွဲတာ မဟုတ်လောက်ဘူး၊ ခဲမှန်တာ ဖြစ်ဖို့များပါတယ်။ ပြတင်းပေါက် တပေါက်လုံး အသစ်ဖြစ်အောင် အကုန်လဲပေးမယ်၊ စိတ်ဝေဒနာရှင်မို့ လွှတ်ပေးပါလို့ ပြောတာကို စည်ပင်လူကြီးက မတတ်နိုင်တဲ့ ငွေပမာဏကို တောင်းတာ၊ မိသားစုက သိန်း ၂၀ ထိတော့ ပေးတယ်၊ မရဘူး။ လူကြီးက တပ်ကိုလွှဲလိုက်တော့ တပ်က ဆက်ဖမ်းထားတယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့ ရန်ကြီးအောင်ပန်းခြံနဲ့ ရန်ကြီးအောင်ခန်းမဟာ ကျောက်မြောင်း-ရွှေဘို-ညောင်ပင်သာ သွားလမ်းပေါ်မှာ တည်ရှိပြီး အဆိုပါ ပန်းခြံအတွင်းက ခန်းမဟာ အရင် စစ်အာဏာရှင်လက်ထက်က ရွေးကောက်ပွဲတွေ ကျင်းပခဲ့တဲ့နေရာဖြစ်သလို စစ်အာဏာရှင် လက်အောက်ခံ ဌာနဆိုင်ရာ အများစု အစည်းအဝေးပြုလုပ်တဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်တပ်က ပန်းခြံရှေ့လမ်းမှာ စစ်ဆေးရေးဂိတ် ချထားပြီး ပန်းခြံအတွင်းက ခန်းမကို လည်း စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေက လုံခြုံရေး ယူပေးထားတယ်လို့ သိရပါတယ်။
Bomin











