DVB Logo
Home
မြန်မာသတင်း
ရွှေဘိုခရိုင်တွင် ကုန်ဈေးနှုန်းမြင့်တက်နေပြီး အခွန်ဂိတ်များကြောင့်မဟုတ်ဟု ပကဖ ငြင်းဆို
DVB
·
November 8, 2026
Photo : DVB
Photo : DVB
Donate to DVB

ရွှေဘိုခရိုင်အတွင်းက လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေနဲ့ အခြေခံစားကုန်တွေပါ ဈေးနှုန်းမြင့်တက်နေပြီး တော်လှန်ရေးဂိတ်တွေရဲ့ ဂိတ်ကြေးကြောင့်လို့ ဒေသခံတွေကဆိုပေမဲ့ ဒေသတွင်း ပကဖ ကတော့ သူတို့ကြောင့် မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစပါးစိုက်လယ်သမားတွေဟာ စက်သုံးဆီ၊ ဓာတ်‌‌မြေဩဇာနဲ့ ပိုးသတ်‌ဆေး စတဲ့ ကုန်ပစ္စည်းတွေအပြင် အခြေခံစားကုန်တွေ  ဈေးနှုန်းမြင့်တက်လာတာကြောင့် သွင်းအားစုစရိတ် ကြီးကြီးမားမားနဲ့ စိုက်ပျိုးနေကြရပါတယ်။

ပြီးခဲ့တဲ့နှစ်ကထက် ဓာတ်မြေဩဇာတအိတ်ကို ၃ သောင်းကျော် ၄ သောင်းလောက်အထိ ဈေးတက်လာသလို ဓာတ်ဆီ‌ဈေးကလည်း ပြန်မကျဘဲ မြင့်တက်နေတဲ့အတွက် တောင်သူလယ်သမားတွေ အခက်အခဲဖြစ်နေရပါတယ်။

ဝက်လက်ဒေသခံ တောင်သူတယောက်က “ဓာတ်ဆီဈေးက မနှစ်ကအတိုင်းပဲ ၃ သောင်းကမကျဘူး။ မြေဆီကတော့ မနှစ်ကထက်ပိုတယ်။ မနှစ်က မြေဆီအဖြူ ၁ သိန်း ၁ သောင်းခွဲ ဝယ်ပက်ရတယ်။ ဒီနှစ် ၁ သိန်း ၄ သောင်းခွဲ၊ ၅ သောင်း၊ ကွန်ပေါင်းဆိုရင် အမျိုးမျိုးရှိတယ်။ ၁ သိန်း ၅ သောင်းကနေ ၁ သိန်း ၈ သောင်း အထိရှိတယ်။ အဲဒီကျ တောင်သူတွေက ခက်ခဲတယ် လုပ်ရတာ” လို့ပြောပါတယ်။

လယ်တဧကရဲ့ ကုန်ကျစရိတ်ဟာ မနှစ်က ၁၀ သိန်းလောက်ပဲရှိပြီး အခုနှစ်မှာတော့ ၁၇ သိန်းလောက်အထိ ဖြစ်လာတယ်လို့ တောင်သူတွေက ဆိုပါတယ်။

မန္တလေးဘက်မှာ ဓာတ်ဆီတပီပါကို ၁၀ သိန်းဝန်းကျင်၊ ဓာတ်မြေဩဇာ တအိတ်ကို ၁ သိန်းလောက်ပဲရှိပေမဲ့ ရွှေဘိုခရိုင်ကိုရောက်တာနဲ့ ဓာတ်ဆီတပီပါကို ၁၄ သိန်းလောက်၊ ဓာတ်မြေဩဇာတအိတ်ကို ၁ သိန်းခွဲအထက်မှာ ဝယ်ယူသုံးစွဲနေကြရတာဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေတက်တာဟာ ကောက်ခံရေးဂိတ်များတာနဲ့ ဂိတ်ကြေးများတာကြောင့်ဖြစ်တယ်လို့ ခြောက်ဘီးကားပိုင်ရှင်တယောက်က ပြောပါတယ်။

“ဂိတ်ကြေးက ပုံမှန်မရှိပါဘူး။ အကြမ်းဖျင်းတွက်မယ်ဆိုရင်တော့ ၂ သောင်းအောက်ခံ အနည်းဆုံးပေးရတယ်။ တဂိတ်ကို ၂ သောင်း၊ တခါတလေလည်း ၃ သောင်း။ မိန်းဂိတ်တွေဆိုရင်တော့ မြို့နယ်အစကနေ အဆုံးပေါ့၊ အဲဒါဆိုရင် ၃ သိန်းလောက် ပေးရတယ်။ အခွန်ပေးဆောင်ရတဲ့ အတိုင်းအတာတွေကများနေတာ၊ အခွန်ကြီးမြင့်သည့်အတွက် ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဂိတ်တွေလည်း များတဲ့အပိုင်းတွေ ပါတာပေါ့နော်။”

NUG က ဂိတ်ကြေးကောက်လို့ ကုန်ဈေးနှုန်းတက်ရတယ်ဆိုတာဟာ စစ်အာဏာရှင်က ဝါဒမှိုင်းတိုက်နေတာလို့ ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဇော်လင်းနိုင်က ပြောပါတယ်။

“ကျနော်တို့ တော်လှန်ရေးအစက တော်လှန်ရေးရဲဘော်တွေ တောက်လျှောက် ဂိတ်တက်ကြတယ်။ တရားမဝင်ဂိတ်တက်တယ်။ တရားမဝင်ဂိတ်တက်တဲ့အခါတွေမှာ ၂ နှစ်ကျော် ၃ နှစ်လောက်၊ သုံးပေ တဂိတ် ဆိုတဲ့အပိုင်းတွေ ရှိတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးရေးကြမ်းတာတွေရှိမယ်၊ ချယူတာတွေ ရှိတယ်။ အဲဒါတွေ ပပျောက်အောင် ပါးပါးနပ် နပ်ကိုင်တွယ်ရတယ်။ အချိန်ပေးရတယ်။ အခု လမ်းမပေါ်မှာ တရားမဝင်ဂိတ်မရှိတော့ဘူး၊ နည်းသွားပြီ။ ကျနော်တို့ NUG အစိုးရက အခွန်ကောက်လို့ ဒီစရိတ်တွေ မြင့်တယ်ဆိုပြီးတော့ စစ်ကောင်စီဘက်က ဝါဒမှိုင်းတိုက်တာပေါ့နော။ စစ်ကိုင်းတိုင်းထဲကိုဝင်လာရင် NUG အစိုးရရဲ့ တရားဝင်ဂိတ် ၂ ဂိတ်ပဲရှိတယ်။ ဘဏ္ဍာရေးအခွန်ဂိတ်နဲ့ တိုင်းစစ်အောင်နိုင်ရေး အခွန်ဂိတ် ဆိုပြီးပေါ့။ ကျနော်တို့ မြေဆီတအိတ်မှ ၅၀၀၊ ၁,၀၀၀ နဲ့ သောင်းဂဏန်း သိန်းဂဏန်း မြင့်သွားတယ်ဆိုတာ ကျနော်တို့ကြောင့်တော့ မဟုတ်ဘူးပေါ့။”

ကုန်သည်တွေကတော့ စစ်ကိုင်းအဝင်ကနေ တန့်ဆည်နယ်အဆုံးအထိ လမ်းကြေး ကောက်ခံရေးဂိတ် ၁၂ ဂိတ်လောက်အထိရှိတယ်လို့ ဆိုထားပေမဲ့ ပကဖ ကတော့ တရားဝင်ဂိတ် ၂ ဂိတ်ပဲရှိတယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ စစ်အာဏာသိမ်းပြီးကတည်းက စက်သုံးဆီ၊ ဓာတ်မြေဩဇာတို့သာမက ဆန်၊ ဆီ၊ ကြက်သွန် စတဲ့ အခြေခံစားကုန်တွေပါ ဈေးနှုန်းမြင့်တက်နေတာပါ။

လက်ရှိမှာတော့ ရေ‌‌ကြီးနစ်မြုပ်တာကြောင့် သီးနှံတွေပျက်စီးဆုံးရှုံးခဲ့ကြရသလို စစ်ဘေးကြောင့်လည်း စိုက်ပျိုးပြီးသီးနှံတွေကို ပစ်ထားခဲ့ရပြီး စစ်ရှောင်နေကြရတာပါ။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013