
စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ဘုရင်ကားဂိတ်က ဂိတ်မှူးနဲ့ စာရေးမ ၂ ယောက်ကို အောက်တိုဘာ ၃၀ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဘုရင် မော်တော်ယာဥ်လိုင်းခွဲရဲ့ ဂိတ်မှူး ကိုဇေယျာဝင်းနဲ့ လက်မှတ်အရောင်းစာရေး မအေးမြင့်ဆွေ၊ မသိမ့်သိမ့်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂၊ ၅၄ တို့နဲ့ ရွှေဘိုခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေချခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“PDF တွေ သတင်းပေးတယ်ဆိုတဲ့ စွပ်စွချက်နဲ့ ဂိတ်မှူးကို ထောင်ဒဏ် ၅၄ နှစ်၊ စာရေးမ ၂ ယောက် ကို ထောင်ဒဏ် ၃၄ နှစ် စီ အမိန့်ချလိုက်တ်။ ပြန်လည်ခုခံချေပခွင့်ကို တရားရုံးက မပေးဘူး။”
ဘုရင်ကားဂိတ်က ဂိတ်မှူးနဲ့ စာရေးမ ၂ ယောက်ကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က ဗိုလ်မှူး တယောက်က တရားလိုပြုလုပ်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဂိတ်မှူးနဲ့ စာရေးမ ၂ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဆီ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ် ၂၀ ရက်မှာ အာဏာရှင်စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရွှေဘိုမြို့နယ်အတွင်း စစ်ကြောင်းထိုးရာမှာ ကြားဖြတ်တိုက်ခံရတာ၊ လမ်းခရီးမှာ လုံခြုံရေးကျိုးပေါက်လို့ ပစ်ခတ်ခံရရင် ယာဥ်လိုင်းတွေကို ပစ်မှတ်ထားတယ်လို့ ယာဥ်လိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ယာဥ်လိုင်းတွေက လာသမျှ ခရီးသည်အကုန် လက်မှတ်ရောင်းပေးတာပဲ။ ဘယ်သူက စစ်သား၊ ဘယ်သူက PDF ဆိုတာ မသိဘူး။ စစ်တပ်က စစ်ကြောင်းထိုးလို့ ရွာတွေ မီးရှို့ရင် ကောင်းတယ်။ သူတို့ ပေါ့ဆလို့ခံရရင် ယာဥ်လိုင်းတွေကို သတင်းပေးလို့ ပစ်မှတ်ထားတာတော့ မကောင်းဘူး။”
စစ်တပ် အာဏာသိမ်းပြီးနောက် ရွှေဘိုမြို့နယ်မှာ ဓားပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏဖြစ်သလို နေ့စဥ်နဲ့အမျှ ပေါ်တာဆွဲ ဖမ်းဆီးတာတွေကြောင့် လူငယ်တွေလည်း ထွက်ပြေး တိမ်းရှောင် နေရပါတယ်။











