DVB Logo
Home
နိုင်ငံတကာ
အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုတွေကြောင့် အီရန် အရပ်သားပစ်မှတ် ၄၆,၀၀၀ ပျက်စီး
DVB
·
March 17, 2026
Photo: PHOENIX TV
Photo: PHOENIX TV
Donate to DVB

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေက အိမ်တွေ၊ ကျောင်းတွေနဲ့ ကျန်းမာရေးဌာနတွေ အပါအဝင် နိုင်ငံတဝန်းက အရပ်ဘက် အခြေခံအဆောက်အအုံ အမြောက်အမြားကို ထိမှန်ခဲ့တယ်လို့ အီရန်လခြမ်းနီအသင်းကို ကိုးကားပြီး တရုတ်အစိုးရရုပ်သံ စီစီတီဗီသတင်းက ထုတ်လွှင့်ပါတယ်။ 

အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက် ဆက်မြင့်တက်နေချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့က နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို အပြင်းအထန် ချိုးဖောက်နေတယ်လို့ အီရန်လခြမ်းနီအသင်းရဲ့ နိုင်ငံတကာရေးရာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေရေးရာ ဒုဥက္ကဋ္ဌ ရေဇီယာအာလီရှ်ဗန်ဒီက တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံ Phoenix TV နဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

အရပ်သားအဆောက်အအုံ ၄၆,၀၀၀ ကျော် တိုက်ခိုက်ခံခဲ့ရတယ်လို့ အာလီရှ်ဗန်ဒီက ပြောပါတယ်။ အိမ်ရာကဏ္ဍက အထူးသဖြင့် ထိခိုက်ခဲ့ရပြီး မြို့တော်တီဟီရန်ပြင်ပမှာ လူနေအိမ်ယူနစ် ၂၉,၀၀၀၊ မြို့တော် တီဟီရန်မှာ အိမ်ရာယူနစ် ၁၀,၀၀၀ ထိခိုက်ခဲ့တယ်လို့ စီစီတီဗီက ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးယူနစ် ၆,၈၅၁ ခု၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွင်း ဆေးရုံ၊ ဆေးဘက် ဆိုင်ရာနဲ့ အရေးပေါ်ဌာန ၂၃၆ ခု ထိခိုက်ခဲ့လို့ သိသာတဲ့ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ကျောင်းနဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၂၀ ပျက်စီးသွားတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အီရန် လခြမ်းနီအသင်းရဲ့ အဆောက်အအုံ ၁၇ ခုလည်း ပျက်စီးခဲ့တာပါ။

ဒါ့အပြင် ကယ်ဆယ်ရေးရဟတ်ယာဉ်တစင်း လုံးဝပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးယာဉ် ၃၅ စီး၊ လူနာတင်ယာဉ်တွေနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။

လူသားစာနာအဖွဲ့အစည်းက ဝန်ထမ်း ၁၀ ယောက် ဒဏ်ရာရရှိခဲ့ပြီး တယောက်သေဆုံးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ပညာရေးကဏ္ဍမှာ လူ ၂၀၆ ယောက် သေဆုံးပြီး ၁၅၄ ယောက် ဒဏ်ရာရရှိခဲ့တာပါ။ ဆေးဘက်ဆိုင်ရာ အသိုက်အဝန်းမှာတော့  လူ ၁၆ ယောက် သေဆုံးပြီး ၉၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ စီစီတီဗီ သတင်းမှာ ဖော်ပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013