
အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ အကြီးအကျယ် ရှုံးနိမ့်ခဲ့တာဟာ အမေရိကန်ပြည်သူတွေက “စစ်အလိုမရှိကြောင်း” မဲပေးခဲ့ကြတာ ဖြစ်တယ်လို့ အီရန်ညှိနှိုင်းရေးမှူးချုပ် မိုဟာမက် ဘာဂါ ဂါလီဘက်ဖ်က ပြောပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဂါလီဘက်ဖ်က အသိစိတ်ကြောင့်ဖြစ်စေ၊ ကုန်ဈေးနှုန်းကြောင့် ဖြစ်စေ အမေရိကန်ပြည်သူတွေက စစ်ပွဲကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပြီလို့ နိုဝင်ဘာ ၄ ရက်မှာ လူမှုကွန်ရက် X ပေါ် ရေးသားခဲ့ပါတယ်။ ဒီသဘောထားကို အီရန်နိုင်ငံက ထောက်ခံတယ်လို့လည်း သူက ပြောပါတယ်။
အမေရိကန်အစိုးရက ပြည်သူတွေရဲ့ဆန္ဒကို သစ္စာဖောက်ပြီး နိုင်ငံတကာ အကျိုးစီးပွားအုပ်စုတွေ အတွက် ဆောင်ရွက်မယ်ဆိုရင် အီရန်ရဲ့ “NO” ဆိုတဲ့ ငြင်းဆိုမှုဟာ အမေရိကန်အတွက် အိပ်မက်ဆိုး ဖြစ်လာမယ်လို့လည်း သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ အီရန်အမြင့်ဆုံးခေါင်းဆောင် မို့ဂျ်တာဘာ ခါမေနီကတော့ အမေရိကန် ရွေးကောက်ပွဲ ရလဒ်ကြောင့် အီရန်အပေါ်ထားတဲ့ အမေရိကန်မူဝါဒ ပြောင်းလဲလာမယ်လို့ မမျှော်လင့်ကြောင်း ပြောပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ ရန်လိုမှုတွေ လျော့ကျလာမယ်လို့ ယူဆသူတွေဟာ အကြီးအကျယ် မှားယွင်းနေကြတယ်လို့လည်း ခါမေနီက ပြောပါတယ်။
ဖေဖော်ဝါရီလက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပူးတွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုတွေ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ဇွန်လမှာ ရရှိခဲ့တဲ့ စစ်ပွဲရပ်စဲရေး ပဏာမ သဘောတူညီချက်ဟာလည်း သီတင်းပတ် အနည်းငယ်အကြာမှာ ပျက်ပြားခဲ့ပါတယ်။
လက်ရှိ ကာတာနိုင်ငံက ကြားဝင်ပေးထားတဲ့ နှစ်နိုင်ငံကြား သွယ်ဝိုက်ဆွေးနွေးမှုတွေဟာ လနဲ့ချီ ရပ်တန့်နေပါတယ်။
အီရန်သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ကီယန်ကတော့ အစိုးရအနေနဲ့ ပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့ ဖြေရှင်းဖို့ ကြိုးစားနေကြောင်း ပြောထားပြီး စစ်ပွဲပြန်ဖြစ်ရင် ဘယ်သူမှ အကျိုးရှိမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
Source: Reuters











