
အမေရိကန်မှာ ဘယ်ပါတီပဲ အာဏာရရ ဝါရှင်တန်ရဲ့ ရန်လိုတဲ့သဘောထားကပြောင်းသွားမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အဓိပတိ မို့ဂျ်တာဘာ ခါမေနီက နိုဝင်ဘာ ၄ ရက်က ပြောလိုက်ပါတယ်။
အမေရိကန်ရဲ့ သဘောထား ပြောင်းလိမ့်မယ်လို့ မျှော်လင့်နေရင် "အကြီးအကျယ်မှားနေတာ" ဖြစ်ပြီး ဒါဟာ ပြည်သူတွေစတေးပြီး ရထားတဲ့ အောင်ပွဲတွေကိုပါ ကျေးဇူးကန်းရာ ရောက်တယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ လုပ်ရပ်တွေကို “တတိယအကြိမ် ကျူးကျော်စစ်” လို့ ခေါ်ဆိုလိုက်ပြီး ဒေသတွင်းက အမေရိကန်စခန်းတွေကို ဖျက်ဆီးတာ၊ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်တာတွေဟာ ရန်ကို သွားတုံ့ပြန်တာတင် မဟုတ်ဘဲ နယ်ချဲ့တွေကို ပြန် “တိုက်စစ်ဆင်တာ” ဖြစ်တယ်လို့ ပါရှိပါတယ်။
အမေရိကန်ဘက်ကသာ ထပ်ပြီး ရန်စလာရင် အီရန်ရဲ့ တုံ့ပြန်မှုဟာ အရင်ထက် အများကြီး ပိုကြီးမားလာမှာဖြစ်ပြီး ဒီတိုက်စစ်တွေကိုလည်း ပိုကျယ်ပြန့်အောင် တိုးချဲ့သွားမယ်လို့ သတိပေးခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ စစ်ရေးအင်အားရော နိုင်ငံတကာအပေါ် စည်းရုံးနိုင်စွမ်းပါ ပြန်ပြင်လို့ မရတော့တဲ့ အထိ ပြိုလဲနေပြီဖြစ်လို့ သူတို့ရဲ့ ဩဇာကျဆုံးခန်းဟာ မကြာခင် ရောက်လာတော့မယ်လို့ ခါမေနီက သုံးသပ်ထားပါတယ်။
“အမေရိကန်ကတော့ သူတို့ ဩဇာကျဆင်းဖို့ ကာလအဝေးကြီး လိုသေးတယ်လို့ မြင်ပေမဲ့ ကျုပ်တို့ကတော့ အဲဒီအချိန်ဟာ နီးနီးလေးလို့ပဲ မြင်တယ်” လို့ ခါမေနီက ပြောခဲ့တာပါ။
အမေရိကန်ရဲ့ ရန်စမှုကို တားဆီးနိုင်မဲ့ တခုတည်းသော နည်းလမ်းဟာ အီရန်ကို ကဏ္ဍစုံကနေ ပိုသန်မာအောင် တည်ဆောက်ဖို့နဲ့ ပြည်တွင်း စည်းလုံးဖို့ပဲ ဖြစ်တယ်လို့ ထည့်ပြောသွားပါတယ်။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ ရှုံးတာကို မဲဆန္ဒရှင်တွေက စစ်ပွဲကို ငြင်းပယ်လိုက်တာပဲလို့ အီရန်ဘက်က ကြိုဆိုပေမဲ့ အမေရိကန်ဘက်က ထပ်တိုက်လာနိုင်တာကြောင့် တီဟီရန်မှာတော့ အမြင့်ဆုံး သတိပေးချက် ထုတ်ထားဆဲ ဖြစ်ပါတယ်။
Source: Reuters











