
အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ရတာဟာ အီရန်စစ်ပွဲကြောင့် ဖြစ်တယ်ဆိုတာ အများအားဖြင့် မှန်ကန်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝန်ခံလိုက်ပါတယ်။
သူ့အပေါ် ပြည်သူတွေထားရှိကြတဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စားလှယ်လောင်းတွေဆီ လွှဲမပေးနိုင်ခဲ့တာကြောင့်လည်း ရှုံးနိမ့်ခဲ့ရတာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၄ ရက်က အိမ်ဖြူတော်မှာ တည်ဆောက်နေတဲ့ အခမ်းအနားခန်းမသစ်ကို သွားရောက်ကြည့်ရှုချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ထရမ့်ပ်က အခုလို ပြောခဲ့တာပါ။
ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းရင်းဟာ အီရန်စစ်ပွဲဖြစ်တယ်လို့ ပြောခဲ့တာကိုလည်း ထရမ့်ပ်က လက်ခံခဲ့ပါတယ်။
ဒါပေမဲ့ စစ်ပွဲကိုယ်တိုင်ထက် စစ်ပွဲကြောင့် ဓာတ်ဆီဈေးတက်ခဲ့တာက မဲဆန္ဒရှင်တွေအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ ထရမ့်ပ်က ရှင်းပြပါတယ်။
အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးဖို့ စစ်ပွဲဆင်နွှဲခဲ့ရတာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အပေါ် နောင်တမရှိဘူးလို့လည်း ဆိုပါတယ်။
“အီရန်နဲ့ပတ်သက်လို့ ကျုပ်တို့ လုပ်သင့်တာ လုပ်ခဲ့တာဖြစ်ပြီး ဆက်လည်း လုပ်နေပါတယ်” လို့ ထရမ့်ပ်က ပြောပြီး အလားတူအခြေအနေမျိုး ထပ်ကြုံရရင်လည်း ဆုံးဖြတ်ချက်ပြောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ သူကိုယ်တိုင် ဝင်ပြိုင်ခဲ့ရင်တော့ ရီပတ်ဘလစ်ကန်တွေ အနိုင်ရခဲ့မှာ ဖြစ်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
“မဲဆွယ်ပွဲတွေမှာ ကျုပ်အပေါ်ထားတဲ့ အချစ်တွေက အံ့မခန်းပါပဲ။ ဒါပေမဲ့ ဒီအချစ်တွေကို ကိုယ်စားလှယ်လောင်းတွေဆီ လွှဲပေးလို့ မရခဲ့ဘူး” လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒီမိုကရက်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပေမဲ့ အနှောင့်အယှက်ပေးမယ် ဆိုရင်တော့ သမ္မတရဲ့ ဥပဒေကြမ်း ဗီတိုအာဏာကို အသုံးပြုနိုင်သေးတယ်လို့ ထရမ့်ပ်က သတိပေးခဲ့ပါတယ်။
Source: Reuters











