မော်စကိုမြို့တော်ကို ရောက်နေတဲ့ အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး မိုဟာမက် ရေဇာအီဟာ အီရန်ရဲ့ အဓိပတိခေါင်းဆောင်ကြီး မို့ဂျ်တာဘာ ခါမေနီရဲ့ သဝဏ်လွှာကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဆီ နိုဝင်ဘာ ၅ ရက်က ပေးအပ်ခဲ့ပါတယ်။
ရေဇာအီနဲ့ ပူတင်တို့ တွေ့ဆုံချိန်မှာ အဲဒီသဝဏ်လွှာကို ပေးအပ်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဒေသတွင်း နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အီရန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆေယစ်ဒ် အဘာ့စ် အာရက်ချီကလည်း ဒေသတွင်း တင်းမာမှုတွေ လျှော့ချရေး သံတမန်ရေးရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အိုမန်၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီ၊ တူရကီနဲ့ ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သီးခြားစီ ဖုန်းဆက် ဆွေးနွေးခဲ့တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အီရန်အပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက်လာချိန်မှာ အခုလို ဖြစ်ပေါ်တိုးတက်မှုတွေ ထွက်ပေါ်လာတာပါ။
မိမိတို့နိုင်ငံအပေါ် စစ်ရေးအရ အရေးယူတာ ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုး မှန်သမျှကို ချက်ချင်း တုံ့ပြန်သွားမယ်လို့လည်း အီရန် အာဏာပိုင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ အမေရိကန်တို့ဟာ တီဟီရန်နဲ့ တခြား အီရန်မြို့ကြီးတွေကို ပူးတွဲ တိုက်ခိုက်ခဲ့ကြပါတယ်။
အီရန်ဘက်ကလည်း ဒေသတွင်းမှာရှိတဲ့ အစ္စရေးနဲ့ အမေရိကန်စခန်းတွေ၊ ပိုင်ဆိုင်မှုတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လှိုင်းလုံးလိုက် ပြန်လည်တိုက်ခိုက်ခဲ့သလို ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်မှုကိုလည်း ပိုမိုတင်းကျပ်ခဲ့ပါတယ်။
အဲဒီနောက် တိုက်ခိုက်နေကြတဲ့ တပ်ဖွဲ့တွေကြား ဧပြီ ၈ ရက်မှာ အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပါတယ်။
ဇွန် ၁၈ ရက်မှာတော့ အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပွဲကို မျက်နှာစာ အားလုံးကနေ အဆုံးသတ်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြပါတယ်။
အဲဒီ MoU အရ နှစ်နိုင်ငံဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေး နောက်ဆုံးသဘောတူညီချက် ရရှိဖို့အတွက် ဩဂုတ် ၁၇ ရက်မတိုင်မီ ရက်ပေါင်း ၆၀ အတွင်း ညှိနှိုင်းဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တင်းမာမှုတွေ ဆက်လက် မြင့်တက်နေတာကြောင့် သဘောတူညီချက်ရဖို့ လုံလောက်တဲ့ တိုးတက်မှု မရှိခဲ့ပါဘူး။
Source: Reuters











