
အာဏာသိမ်းစစ်တပ်ရဲ့ အငြင်းပွားစရာ အတုအယောင် ရွေးကောက်ပွဲ ရလဒ်တွေအရ လွှတ်တော်အစည်းအဝေးတွေ စနေပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နေရာတွေကို ရွေးချယ်ထားပါတယ်။ အဲဒီလို ရွေးရာမှာ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နိုင်ငံတော် အင်္ဂါစဉ်အရ နံပါတ် ၄ မှာရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
၁၉၅၂ ခုနှစ်မှာမွေးတဲ့ ဦးခင်ရီဟာ အခုဆိုရင် အသက် ၇၄ နှစ်အရွယ် ရှိပါပြီ။ သူ့ကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကဝက်ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ စာရင်းအင်းပညာဘာသာရပ် သင်ကြားခဲ့ပြီး အဲဒီကနေ တနှစ်အကြာ ၁၉၇၂ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၁၇ ကို တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ဆင်းဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထက် အပတ်စဉ်နှစ်ခု စောပါတယ်။
စစ်တပ်အရာရှိဘဝ ကရင်ပြည်နယ် စစ်ဆင်ရေးတခုမှာ ကျည် ၁၇ ချက် မှန်ခဲ့ဖူးပြီး သေစာရင်းမှာ ၄ လခွဲ နေခဲ့ရတယ်လို့ သူက ဂုဏ်ယူစွာ ပြောလေ့ရှိပြီး ကျည်တချို့ ခန္ဓာကိုယ်ထဲ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ ဦးခင်ရီဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (စစ်တွေ) မှာ စစ်ဗျူဟာမှူး၊ မြောက်ပိုင်းတိုင်းစစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် တာဝန်တွေ ယူခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်အထိ စစ်တပ်မှာ ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲချုပ် ဖြစ်လာပြီး ၂၀၁၁ ခုနှစ် မတ်လအထိ ၈ နှစ်ကျော်ကြာ ရဲချုပ်ရော ပြည်ထဲရေး ဒုဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ စစ်အာဏာရှင်အစိုးရရဲ့ အဖွဲ့ဝင်တယောက်အနေနဲ့ ပြည်သူနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သူ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် တယောက်ဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
“တိုင်းပြည်ကို ဖျက်ဆီးခဲ့တာက သူက တရားခံပဲ။ လက်သည်တရားခံပဲ။ အဲဒါက ဘာလဲဆိုတော့ စစ်အာဏာရှင်စနစ် တည်တံ့ခိုင်မြဲရေးကို သူကနေ အထောက်အကူပြုခဲ့တာ။”
သူ ရဲချုပ် တာဝန်ယူထားတဲ့ကာလ ၂၀၀၃ ခုနှစ် မေလကုန်မှာ ဖြစ်ခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲအတွက် အဓိကတာဝန်ရှိသူတွေထဲ အဲဒီအချိန်က တရားဥပဒေစိုးမိုးရေးတာဝန် ယူထားရတဲ့ ဦးခင်ရီလည်း အပါအဝင် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ကြံ့ခိုင်ရေးအသင်းဝင်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်းမြို့နယ် ကြည်ရွာမှာ ရိုက်နှက်ခဲ့ကြပါတယ်။
ဒါ့အပြင် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ သံဃာတော်နဲ့ အရပ်သားတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်တွေမှာလည်း စစ်တပ်သာမက ခင်ရီရဲ့ လက်အောက်ခံ ရဲအပါအဝင် ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင်တွေက အဓိက ပါဝင်ခဲ့ကြပါတယ်။
အဲဒီ ရွှေဝါရောင် သံဃာ့အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့ပြီး စစ်အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ရွှေဝါရောင်သံဃာတပါးဖြစ်တဲ့ ဆရာတော် ဦးဣဿရိယက အဲဒီတုန်းက သူ ကြုံတွေ့ခဲ့ရတဲ့ ဦးခင်ရီလက်အောက်က ရဲတပ်ဖွဲ့ရဲ့ သံဃာတွေကို ဆက်ဆံခဲ့ပုံကို အခုလို ပြန်ပြောပြပါတယ်။
“သံဃာတွေကို ဘာမပြော ညာမပြောနဲ့ နံပါတ်တုတ်တွေနဲ့ ရိုက်တာပဲ။ ရိုက်ပြီးတော့ ကားပေါ် ဆွဲပစ်တင်။ တော်တော်လေး ပိုးစိုးပက်စက် လုပ်ခဲ့တာ။ ဒါလည်း ခင်ရီ့လက်ချက်ပဲ။”
၁၉၉၃ ခုနှစ် ကြံ့ခိုင်ရေးအသင်း စတင်တည်ထောင်ခဲ့စဉ်ကတည်းက အမာခံကေဒါတဦးအဖြစ် ပါဝင်ခဲ့တဲ့ ခင်ရီဟာ လက်ပတ်နီ၊ စွမ်းအားရှင်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လက်မရွံ့အဖွဲ့တွေကိုလည်း ကိုင်တွယ်ခဲ့သူအဖြစ် နာမည်ကျော်ပါတယ်။ ၂၀၀၉ ခုနှစ်က ပေါက်ကြားတဲ့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရဲ့ လျှို့ဝှက်ကြေးနန်းတစောင်မှာ စစ်အစိုးရလက်ထက်မှာ စွမ်းအားရှင်တွေကို စခန်းသွင်းလေ့ကျင့်ပေးခဲ့တဲ့အပြင် တခါတရံ လက်နက်ကိုင်ဆောင်စေခဲ့တယ်လို့ ရဲချုပ်ခင်ရီကိုယ်တိုင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို ဖွင့်ဟခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မဘသ လို့ခေါ်တဲ့ အမျိုးသားရေး အစွန်းရောက်အဖွဲ့တွေကိုလည်း နောက်ကွယ်က ကိုင်တွယ်ခဲ့တဲ့သူလို့ ကျော်စောပါတယ်။ သူဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်တာနဲ့ တပ်မတော်ထောက်ခံပွဲတွေကို အောက်မြန်မာပြည် မြို့ကြီးတွေမှာ လုပ်ဆောင်ဖို့ စေ့ဆော်သူဖြစ်တယ်လို့ သမ္မတရုံးဝန်ကြီးဟောင်းဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းက သူ့ရဲ့ ဒီမိုကရေစီဒုတိယအစိုးရသစ်နဲ့ မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်မှာ ရေးသားပါတယ်။ ဦးခင်ရီ ရန်ကုန်မှာ စီစဉ်တဲ့ တပ်ထောက်ခံပွဲတွေအနေနဲ့ အာဏာမသိမ်းခင် ၁၁ ပွဲနဲ့ အာဏာသိမ်းပြီး ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးခင်ရီ ကိုင်တွယ်ခဲ့တဲ့ အဖွဲ့တွေရဲ့ လက်သုံးစကားဟာ အမျိုးဘာသာ၊ သာသနာ ကာကွယ်ဖို့ ဆိုတာပါ။ သူတို့ လုပ်တဲ့ စုဝေးပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ ဒါတွေကို ဟောပြော ကြွေးကြော်ကြပါတယ်။ ဒါပေမဲ့ အဲဒါဟာ လှည့်ဖြားမှုတခုပဲ ဖြစ်တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
“သူတို့က မျိုးချစ်ပေါ့။ တိုင်းပြည်ကို အရမ်းချစ်တယ်ပေါ့။ နောက်တခုက အမျိုးသားရေးဝါဒီပေါ့။ အဲဒါတွေအားလုံးက ဂျင်းတွေချည်းပဲ။”
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးဖြစ်တဲ့ ဆရာတော် ဦးဣဿရိယကလည်း ဦးခင်ရီ ကိုင်တွယ်ခဲ့တဲ့ အဖွဲ့တွေဟာ အမျိုးဘာသာ သာသနာအတွက် ဆိုတာကို မယုံကြည်ပါဘူး။
“လုံးဝမဖြစ်နိုင်ပါဘူး။ မထင်တာ မဟုတ်ဘူး၊ ဟုတ်ကို မဟုတ်တာ။ ဘာမှ အမျိုးဘာသာ သာသနာ စောင့်ရှောက်တာလည်း မဟုတ်ဘူး။ အဲဒီကောင်က ဖားယားပြီးတော့ လုပ်တဲ့ဟာ တခုပဲ။ သူက သူ့ရဲ့ အထက်လူကြီး သဘောကျအောင် ခိုင်းတဲ့ဟာမှန်သမျှကို တသဝေမတိမ်း လုပ်နေတာ။ အဖျက်အမှောင့်လုပ်ငန်းပဲ လုပ်တာ။ ကောင်းတဲ့လုပ်ငန်းမှ မဟုတ်တာ။”
ဦးခင်ရီ ရဲချုပ်တာဝန်ယူစဉ်က ရန်ကုန်မြို့မှာ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေမှာလည်း မဆိုင်သူတွေကို စွဲချက်တင်ကာ ဖမ်းဆီးထောင်ချခဲ့ကြတာကြောင့် မိသားစုအသိုက်အမြုံ ပြိုကွဲကာ ဘဝပျက်ခဲ့ကြတဲ့ သူတွေလည်း ရှိခဲ့ကြပါတယ်။
ထင်ရှားတဲ့ သာဓကတွေအနေနဲ့ ၂၀၀၅ ခုနှစ်၊ မေလက ရန်ကုန်မြို့က ကုန်တိုက် ၃ ခုမှာ တရက်တည်း ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်နဲ့ ၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ကန်တော်ကြီး ပတ်လမ်းက X2O ရေကစားမဏ္ဍပ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်တွေက မီးမောင်းထိုးပြနေပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာ ၅ လောင်းပြိုင် လူသတ်မှုကြီးကိုလည်း အခုချိန်ထိ စုံစမ်းဖော်ထုတ်လို့ မရသေးဘဲ ရဲတပ်ဖွဲ့ဘက်က နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ဦးခင်ရီ ရဲချုပ်အဖြစ် တာဝန်ယူစဉ် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုညွှန်းကိန်းတွေဟာ လျော့ကျနေခဲ့တာ ဖြစ်ပြီး IFAD Rural Sector Performance Assessments က တွက်ချက်ထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၁၅ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုညွှန်းကိန်းတွေ နှိုင်းယှဉ်ချက်အရ ဦးခင်ရီ နောက်ဆုံး ရဲချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာတင် တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းဟာ ၀ ဒသမ ၂၈ သာရရှိပြီး ဇင်ဘာဘွေနိုင်ငံပြီးရင် တရားဥပဒေစိုးမိုးမှုမရှိဆုံး နိုင်ငံ ဖြစ်နေပါတယ်။
ဒါ့အပြင် စစ်အစိုးရကနေ အရပ်သားအရေခြုံ အစိုးရပြောင်းတဲ့ သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း ဦးခင်ရီဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တဲ့ ကာလတွေမှာလည်း ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ နိုင်ငံသားဖြစ်မှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်သွင်းရာမှာ ရိုဟင်ဂျာ အမည်ကို လက်မခံခဲ့သလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူဦးရေပေါက်ဖွားမှုနှုန်း အလွန်မြင့်မားတာကြောင့် ကလေး ၂ ဦးသာ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်မှုတွေကိုလည်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။
ဦးထွန်းကြည်ကတော့ ဦခင်ရီဟာ လဝက ဝန်ကြီးဘဝမှာ လုပ်ပိုင်ခွင့်အာဏာကို သုံးပြီး အစ္စလာမ်ဘာသာဝင် လူနည်းစုတွေကို နိုင်ငံမဲ့ဖြစ်အောင် ဖိနှိပ်ခဲ့တာလို့ ထောက်ပြပါတယ်။
“တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ လူနည်းစုတွေပေါ်မှာ ခွဲခြားဆက်ဆံတာတွေ၊ နိုင်ငံမဲ့ဘဝ ဖြစ်အောင် တမင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ သူ ဝန်ကြီးဖြစ်တဲ့အချိန်မှာ အဲဒီဝန်ကြီး အာဏာပါဝါကို ကျင့်သုံးပြီးတော့ သူ လုပ်ခဲ့တာတွေ အများကြီးပဲ။”
ဦးခင်ရီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်က အရပ်သားအစိုးရထံက အဓမ္မအာဏာသိမ်းပြီးနောက် အစိုးရဖွဲ့ချိန်မှာလည်း ဦးခင်ရီဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ဝန်ကြီးအဖြစ် တာဝန်ယူပြီး ၁ နှစ်အကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာတော့ တာဝန်ကနေ အနားယူခဲ့ပါတယ်။ အဲဒီနောက် ၁ လအကြာမှာပဲ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ကျန်းမာရေးအကြောင်းပြချက်နဲ့ တာဝန်တွေ အချိန်ပြည့် မထမ်းဆောင်နိုင်တာကြောင့်လို့ဆိုကာ ဦးခင်ရီက ဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်း ယူခဲ့ပါတယ်။
အဲဒီနောက် လူထုထောက်ခံမှု အပြည့်အဝရထားတဲ့ နိုင်ငံရေးပါတီတွေ အဓိကအားဖြင့် သူ ပြိုင်တိုင်းရှုံးခဲ့တဲ့ NLD ပါတီ မပါတဲ့ ရွေးကောက်ပွဲကို စစ်တပ်အလိုကျ လုပ်ခဲ့ပြီးနောက်မှာတော့ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ထဲ ရောက်လာခဲ့တာပါ။ လက်ရှိမှာတော့ သူဟာ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကြီးစိုးထားတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ဥက္ကဋ္ဌ ဖြစ်နေပါပြီ။ စစ်အာဏာရှင် နှစ်ဆက်တိုင်အောင် ဒေါက်တိုင်တခုအဖြစ် အသုံးတော်ခံလာတဲ့ ဦးခင်ရီတယောက် ဥပဒေပြုရေးကဏ္ဍရဲ့ အရေးကြီးတဲ့နေရာကို ရောက်နေတာဟာ တိုင်းပြည်အတွက် မကောင်းနိုင်ဘူးလို့ ဆရာတော် ဦးဣဿရိယကရော ဦးထွန်းကြည်ကပါ ကောက်ချက်ချကြပါတယ်။
ဦးဣဿရိယ က “သူက ဥပဒေတို့ ဘာတို့ပြုတဲ့ စာသမား ပေသမား မဟုတ်ဘဲနဲ့ တုံးတိုက် အကြမ်းတိုက်သမားကြီးပါ။ အဲဒီတော့ တိုင်းပြည်အတွက်ကတော့ တော်တော်လေး အန္တရာယ်ကြီးတယ်ပေါ့နော်။”
ဦးထွန်းကြည်က “သူကိုယ်နှိုက်က ဥပဒေကို မောင်းနှင်မယ်ဆိုတာ ဘာမှ ယုံကြည်စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တချိန်တုန်းက သူက ရဲချုပ် ဖြစ်တဲ့အချိန်တုန်းက ဥပဒေကို ကိုင်တွယ်ပြီးတော့ သူ မလိုတဲ့ လူတွေဆိုရင် လူဖမ်းပွဲ လုပ်စရာရှိတာလုပ်၊ ပုဒ်မ အမျိုးမျိုးနဲ့ တင်ပေါ့လေနော်။ ထောင်တွင်းအကျဉ်းချပေါ့။ ဒီလိုပုံစံမျိုးတွေ လုပ်ခဲ့တဲ့အခါကျတော့ သူ အခုလိုမျိုး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တဲ့အပေါ်မှာ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ရော ဘာမှ မျှော်လင့်ချက်မရှိတဲ့အပြင် ဒီထက်ပိုပြီးတော့ ဆိုးဝါးလာဖို့ပဲ မြင်တယ်” လို့ ပြောပါတယ်။
မြတ်သဇင်








