DVB Logo
Home
ဆောင်းပါး
မင်းအောင်လှိုင် ချိပ်ထဘီဝတ်လည်း ဒါပါပဲ
DVB
·
March 31, 2026
မင်းအောင်လှိုင် ချိပ်ထဘီဝတ်လည်း ဒါပါပဲ
Donate to DVB

မတ် ၁၆ ရက်ကစလို့ အမည်ခံလွှတ်တော်အစည်းအဝေး ဆိုတာတွေကို ပြုလုပ်ကာ တရားမဝင်အစိုးရတရပ် ဖွဲ့စည်းဖို့ စစ်အုပ်စု ခတ်ကွင်းပြင်နေပေမဲ့ အစဉ်အလာမပျက် မြေပြင်ရော ဝေဟင်မှာပါ လူသတ်ပွဲတွေကိုလည်း ဆက်လက်ကျူးလွန်မြဲပါပဲ။

မတ် ၂၀ ရက်မှာ ခေါင်းပေါင်းစ တလူလူနဲ့ အကြမ်းဖက်ယူနီဖောင်း ၂ ရောင်နဲ့ အမည်ခံ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးတွေ ပြုလုပ်နေဆဲအချိန်မှာပဲ ကသာမြို့ပေါ်က ဘုန်းကြီးကျောင်း တည့်တည့်ကို စစ်တပ်က ဗုံးမိုးရွာချခဲ့ပြန်တယ်။ ကသာမြို့၊ ရပ်ကွက် ၃ ထဲက သာသနာ့အာဇာနည် မာန်လည်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ဖူးတဲ့ သမိုင်းဝင် ရှေးဘုန်းကြီးကျောင်း။ ဘုန်းကြီးကျောင်းပရဝဏ်ကလည်း ကျယ်ကျယ်ပြန့်ပြန့်။ ဘုန်းကြီးကျောင်းဝင်းထဲမှာလည်း စေတီပုထိုးတွေ၊ သာသနိကအဆောက်အအုံတွေ ကြီးကြီးမားမား ထည်ထည်ဝါဝါ။

ပြီးတော့ စစ်တပ်က ကသာမြို့ပေါ်မှာ ခြေကုပ်ယူထားနိုင်ဆဲပဲမို့ ဗုံးကြဲခဲ့တဲ့ မဟာလေးထပ် ဘုန်းကြီးကျောင်းမှာ ဘယ်တော်လှန်ရေးအင်အားစုမှမရှိဘဲ စစ်ဘေးရှောင်ပြည်သူတွေသာ ခိုလှုံနေတာ မသိမရှိ။ ဒါပေမဲ့ စစ်ဘေးရှောင်တွေကို လက်ခံထားတာကြောင့်လားတော့မသိ၊ သံဃာတွေ ဆွမ်းစားနေချိန်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချ၊ သံဃာနဲ့ ပြည်သူ ၅၀ ကျော် သေဆုံးကြောင်း သတင်းတွေက ဆိုတယ်။

နောက်တရက် မတ် ၂၁ ရက်ကျတော့လည်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ဆူးလေကုန်းရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတည့်တည့် ဗုံးမိုးဆက်ရွာတယ်။ ဆွမ်းစားပြီးတဲ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၈ စင်းနဲ့ ၁၃ ကြိမ်၊ နာရီအတန်ကြာ တောက်လျှောက် ဗုံးကြဲခဲ့တယ်လို့ သတင်းတွေကဆိုတော့ အရေးကြီးတဲ့ စစ်ရေးပစ်မှတ်ကြီးတခုကိုတွေ့လို့ ညက်ညက်ကြေသွားအောင် ချေမှုန်းပစ်ခြင်းလို့ မှတ်ယူနိုင်တယ်။

ဘုန်းကြီးကျောင်းတကျောင်းလုံး မီးဟုန်းဟုန်းတောက်၊ သာသနိကအဆောက်အအုံ ၁၀ လုံး ပျက်စီးပြီး ကပ္ပိယအဘိုးအိုတယောက် သေဆုံးခဲ့ကာ ဦးပဥ္ဇင်း ၃ ပါးနဲ့ ကပ္ပိယတယောက် ဒဏ်ရာရခဲ့ပါတယ်။ စာသင်ကျောင်းက  ပိတ်ထားလို့သာ ကလေးတွေ အထိအခိုက်မရှိပေမဲ့  စာသင်ဆောင် ၄  ဆောင် ပျက်စီးခဲ့ရပါတယ်။

သာသနိကအဆောက်အအုံ ၁၀ လုံးရှိတဲ့ ဘုန်းကြီးကျောင်းဆိုတာ ကျေးရွာကြီးတွေမှာ ထုကြီးထည်ကြီး ဧရိယာကျယ်ကျယ်ဝန်းဝန်းနဲ့ ဝေဟင်ကကြည့်ရင်လည်း ဒါ ရှေးဘုန်းကြီးကျောင်းမှန်း သိသိသာသာ။ ဒါပေမဲ့ ရေဘူးပေါက်တာ မလိုချင်ဘူး ဆိုတဲ့အတိုင်း အသိဉာဏ်မဲ့ အမိန့်နာခံတတ်တဲ့ လေယာဉ်မှူးတွေက ဘုန်းကြီးကျောင်းမှန်း သိပေမဲ့ အမိန့်အရ ကြဲချပစ်လိုက်တယ်။

သတင်းတချို့က စာသင်ကျောင်းရဲ့ အနောက်ဘက်က ကျန်းမာရေးဆေးပေးခန်းကို NUG မြေအောက်ဆေးရုံလို့ ယူဆတဲ့ သတင်းအမှားကြောင့် အပြင်းအထန် ဗုံးကြဲချတာလို့လည်း ဆိုတယ်။

NUG မြေအောက်ဆေးရုံ အမှန်တကယ်ရှိတယ် ထားဦးတော့။ လူလိုသူလို သိတတ်ရင် ဘုန်းကြီးကျောင်းကြီးတခုလုံး မီးဟုန်းဟုန်းတောက်တဲ့အထိ ဘယ်သူက လုပ်ရဲမှာလဲ။ ဒါပေမဲ့ မင်းအောင်လှိုင် ဆိုတာက မလုပ်ရဲတာ ဘာမှမရှိလေတော့ သူ့ အစွယ်အပွားလေးတွေကလည်း ထိုနည်းလည်းကောင်းပဲပေါ့။

သူတို့ဗုံးကြဲချတဲ့နေရာမှာ အမှန်တကယ် မြေအောက်ဆေးရုံ မရှိတော့ရော ဘာဖြစ်သလဲ။ ဘုန်းကြီးကျောင်းကြီး မီးလောင်သွားပြီး ကပ္ပိယသေကာ သံဃာတွေ ဒဏ်ရာရတော့ရော ဘယ်သူကမှ ဘာအကြောင်းနဲ့မှ အရေးယူခံရစရာ မရှိ၊ အေးဆေး။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု စောင့်ကြည့်အစီရင်ခံစာအရ မတ် ၆ ရက်မှ  ၁၉ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အခု ၅၀ ရှိခဲ့ပြီး အရင် ၂ ပတ်တာ ဖေဖော်ဝါရီ ၂၀ ကနေ မတ် ၅ ရက်အတွင်း တိုက်ခိုက်မှုဖြစ်စဉ်ထက် ၅ ခု ပိုများနေတာ တွေ့ရတယ်။

ပြီးတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုကလည်း မတ် ၆ ရက်- ၁၉ ရက်မှာ ၉၅ ယောက် သေဆုံးပြီး ၁၂၁ ယောက် ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီ ၂၀ ရက်ကနေ မတ် ၅ ရက်အတွင်း ၇၂ ယောက်သေဆုံး၊ ၉၂ ယောက် ဒဏ်ရာရ ဆိုတော့ သေဆုံး၊ ဒဏ်ရာရ စာရင်းလည်း မြင့်တက်။

စစ်ယူနီဖောင်းကို ကပျာကရာချွတ်ပြီး ခေါင်းပေါင်းစ တလူလူနဲ့ လူယောင်ဆောင်ဖို့ရာ အားထုတ်နေတဲ့ အခုလိုကာလမျိုးမှာ ဘာဖြစ်ဖြစ် နိုင်ငံတကာအမြင်ကောင်းအောင်  မဖြစ်မနေ အခြေအနေမှ လျှော့လျှော့ပေါ့ပေါ့ လူသတ်ရမှာမဟုတ်လား။ မင်းအောင်လှိုင်က နိုင်ငံတကာတွေ ဘာတွေ ဂရုမစိုက်ရုံတင်မက လူသတ်ပွဲကိုတောင်မှ တခမ်းတနား အုံလိုက်ကျင်းလိုက်။ ဘုန်းကြီးကျောင်းပေါ်ကို ဗုံးကြဲချကာ အစုလိုက်အပြုံလိုက် လူသတ်ပွဲကို ဂုဏ်ယူဝင့်ကြွားစွာ ဆင်နွှဲခဲ့တဲ့ပုံ။ ဒါကို နောက်တမျိုး ဖွင့်ဆိုရသော် မည်သို့မည်ပုံ ခေါင်းစဉ်ပြောင်းစေကာမူ အမည်ခံအစိုးရဟာ အာဏာသိမ်းစစ်တပ်သာ ဖြစ်တာကြောင့် သူ့အာဏာသက်ဆိုးရှည်ရေး အတွက် ဆက်လက်အကြမ်းဖက် သတ်ဖြတ်ဦးမှာဖြစ်ကြောင်း အကောင်းဆုံး သတင်းပေးပို့ချက်လို့ ဆိုရင်လည်း မမှား။

နောက်ထပ်ထူးခြားချက်က လူသတ်ခြင်းအရှိန်ကို မြှင့်တင်ခဲ့တဲ့ မတ် ၆ ရက်-၁၉ ရက်ဆိုတာ အီရန် စစ်ပွဲဂယက် စက်သုံးဆီအကျပ်အတည်းနဲ့ သည်းသည်းထန်ထန် ရင်ဆိုင်နေရချိန်။ ပြည်သူတွေ ဓာတ်ဆီလေး တလီတာလောက်ရဖို့ ခြစ်ခြစ်တောက် နွေအပူအောက် အချိန်ကြာမြင့်စွာ တန်းစီနေရတဲ့အချိန်။ ဆီတန်းစီရင်း မူးလဲသွားသူတွေနဲ့ အသက်ပါပေးလိုက်ရသူတွေနဲ့ လောကငရဲမှာ လည်စင်း။ ပြည်တွင်းလေကြောင်းခရီးစဉ်တွေလည်း လေယာဉ်ဆီမရှိလို့ ရပ်ဆိုင်း။ အဲဒီလို တနိုင်ငံလုံး ချွေးဒီးဒီးကျ ဝုန်းဒိုင်းကြဲနေရတဲ့အချိန်မှာ စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက် ဗုံးကြဲမပျက် ဝုန်းဒုန်းကြဲ။ စက်သုံးဆီပြဿနာ တကမ္ဘာလုံး တက်နေချိန်မှာတောင် ပြည်သူသတ်ဖို့ရာ လေယာဉ်ဆီကတော့ အလျှံပယ်ရှိနေကြောင်း ဖော်ပြချက်။ ထပ်ပြောရရင် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေကြားကပဲ စစ်တပ်မှာ လေယာဉ်ဆီတွေ သိပ်ပေါနေကြောင်း ဟားတိုက်ပြနေခြင်းလည်း ဖြစ်တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းအတွင်း ရိုက်တာသတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်မှုအရ အီရန်နိုင်ငံဟာ စစ်တပ်ထံကို ရေဒါဖျောက် တစ္ဆေသင်္ဘောတွေနဲ့ ၂၀၂၄ အောက်တိုဘာကနေ ၂၀၂၅ ဒီဇင်ဘာအထိ လေယာဉ်ဆီတွေ အကြီးအကျယ် တင်သွင်းခဲ့ကြောင်း တကမ္ဘာလုံး သိကြရတယ်။ ဒါက ဘာကိုပြဆိုနေသလဲဆိုတော့ နိုင်ငံကြီးတွေရဲ့ ပိတ်ဆို့မှုတွေမှာ ယိုပေါက် ဟာပေါက်များစွာ ရှိနေကြောင်းနဲ့ ပိတ်ဆို့ထားတဲ့နိုင်ငံတွေ အနေနဲ့ တနိုင်ငံချင်းဆီအလိုက် ပိတ်ဆို့မှုအပြင် ကွန်ရက်တခုဖွဲ့စည်းကာ ညှိနှိုင်းစုစည်းမှုရှိတဲ့ ပိတ်ဆို့မှုအသွင် လိုအပ်နေကြောင်း ဖော်ပြနေပါတယ်။

ထပ်ပြောရရင် တရားမဝင်အမည်ခံအစိုးရဆီကနေ အကြမ်းဖက်လူသတ်ပွဲတွေကလွဲလို့ ဘာမှ မမျှော်လင့်မိကြဖို့ လိုပါမယ်။ ကိုယ်တိုင်ခန့် ယာယီသမ္မတ မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို သမ္မတရာထူး အပ်နှင်းလိုက်တာဟာ ရမလားလို့ အရေခွံလဲကြည့်တာသာပါ။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013