DVB Logo
Home
Lead Story
ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသည့် စစ်ခေါင်းဆောင်၏ ရည်မှန်းချက် ဘယ်လိုရှိနိုင်လဲ
DVB
·
March 30, 2026
Photo: MOI
Photo: MOI
Donate to DVB

နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကနေ ဒုသမ္မတလောင်း အမည်စာရင်းတွေ ထွက်ပေါ်လာသလို စစ်တပ်အတွင်းမှာလည်း ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ပေါ်ပေါက်လာတဲ့ လွှတ်တော်အစည်းအဝေးတွေကနေ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော် အစုအဖွဲ့ကနေ ကြံ့ခိုင်ရေးပါတီက ဒေါ်နန်းနီနီအေးနဲ့ ဒေါက်တာတူးဂျာတို့ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

တပ်မတော်သားအစုအဖွဲ့က တင်သွင်းသူအမည်ကို တရားဝင်မထုတ်ပြန်သေးပေမဲ့ DVB ရဲ့ သတင်းရင်းမြစ်တွေအရ ဦးညိုစော ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော် အစုအဖွဲ့ကနေ ဒုတိယသမ္မတလောင်းအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တစညပါတီက ဒေါက်တာကျော်ဆွေတို့ကို တင်သွင်းခဲ့ပါတယ်။

စစ်ခေါင်းဆောင်ကိုယ်တိုင် ပြည်သူ့လွှတ်တော်ကနေ အမည်စာရင်း တင်သွင်းခံရတဲ့အပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ကိုထင်ကျော်အေးက အခုလို သုံးသပ်ပါတယ်။

“သူ့ရဲ့ ဂုဏ်ကို မက်တဲ့ ကိစ္စပေါ့နော်။ သူက ဒါ ပြည်သူ့လွှတ်တော်ကနေ တင်ခံရတဲ့ သမ္မတ၊ အခြား သမ္မတတွေနဲ့ တန်းတူပေါ့နော်။ ဦးသိန်းစိန်တို့၊ ဦးထင်ကျော်တို့၊ ဦးဝင်းမြင့်တို့နဲ့ တန်းတူ ပြည်သူ့လွှတ်တော်က တင်ခံရတဲ့ သမ္မတ ဆိုတဲ့ ဂုဏ်ကို ရယူလိုတဲ့ သူ့ရဲ့စိတ်အခြေအနေကိုလည်း ဖော်ပြနေသလို သူကလွဲရင် ကိုယ့်ရဲ့ တပ်ထဲက ကိုယ့်ကို သစ္စာခံပြီး တောက်လျှောက် လုပ်ခဲ့တဲ့သူတွေကို ကိုယ်ကလွဲရင် ကိုယ်တောင်မယုံဘူး ဆိုတာမျိုးကိုလည်း ဖော်ပြနေတယ်လို့ မြင်တယ်။ ဥပမာ အထူးသဖြင့် ညိုစောကို တပ်ကတင်တဲ့ ဒုသမ္မတအနေနဲ့ ထားတာသည် အကယ်၍ တချိန်ချိန်ကျ ညိုစောကို အလွယ်တကူ ဖယ်လိုက်နိုင်တယ်ဆိုရင် တပ်နဲ့ သူနဲ့ ပေါင်းပြီးတော့ ညိုစောကို ဖယ်ပြီးတော့ သူတို့ အလိုကျ ဒုသမ္မတ တယောက်ကို တင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင် ဖန်တီးတယ်လို့လည်း ကျနော်ကတော့ မြင်တယ်ပေါ့နော်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတရာထူးကို ရယူလိုတဲ့အပြင် တပ်တွင်းဩဇာကိုလည်း ဆက်လက်ထိန်းချုပ်ထားဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

မတ် ၃၀ ရက်မှာပဲ သူ့ရဲ့ တပည့်ရင်းတွေဖြစ်တဲ့ ကျော်စွာလင်းနဲ့ ရဲဝင်းဦးတို့ကို တပ်ချုပ်နဲ့ ဒုတပ်ချုပ်တွေအဖြစ် ထားရှိခဲ့သလို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီလို ယန္တရားတွေကနေတဆင့် လုံခြုံရေးနဲ့ ဥပဒေပြုရေးကို ဆက်လက်ကိုင်တွယ်ဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမဲ့ ဒီလို ပုဂ္ဂိုလ်ရေးသစ္စာခံမှုတွေက ရေရှည်မှာ ဘယ်လောက်အထိ ခိုင်မြဲနိုင်မလဲ ဆိုတာကိုတော့ MDSI ရဲ့ ပြောခွင့်ရသူ ကိုနောင်ရိုးက အခုလို ပြောပါတယ်။

“တပ်ရဲ့ သဘောသဘာဝ စီမံလုပ်‌ဆောင်ခွင့်တွေကိုက တပ်ချုပ်ရဲ့ အမိန့်အာဏာပေါ်မှာပဲ ရပ်တည်လည်ပတ်ကြတဲ့ သဘောသဘာဝဖြစ်တော့ အားလုံးဟာ တပ်ချုပ်ရဲ့ အမိန့်ညွှန်ကြားတဲ့ အပေါ်မှာပဲ ရှင်သန် ရပ်တည်သွားရင်းနဲ့၊ ရပ်တည်သွားတဲ့ အနေအထား ဖြစ်တဲ့အတွက်ပေါ့နော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့က လက်ရှိ နောက်မျိုးဆက်သစ် တပ်ချုပ်နဲ့ တပ်အပေါ်မှာ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားပြင်ဆင်ခြင်းဟာ အချိန်အတိုင်းအတာတခုထိပဲ ဖြစ်မယ်။ အဲဒီနောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ လျော့နည်း အားနည်းသွားလိမ့်မယ်လို့ မြင်ပါတယ်ဗျ။”

လက်ရှိမှာ စစ်တပ်နဲ့ အစိုးရအကြား အဆင်ပြေနေနိုင်ပေမဲ့ ရေရှည်မှာတော့ အဖွဲ့အစည်း (Institution) က ပေးတဲ့ အာဏာကြောင့် စစ်တပ်အပေါ် လွှမ်းမိုးနိုင်မှုတွေ လျော့နည်းသွားနိုင်တယ်လို့ ကိုနောင်ရိုးက ဆိုပါတယ်။

စစ်ကောင်စီက နေပြည်တော်မှာ အာဏာခွဲဝေမှုတွေ လုပ်ဆောင်နေပေမဲ့ ဒီရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ်လို နိုင်ငံတွေကလွဲလို့ နိုင်ငံတကာက အသိအမှတ်ပြုတာ မရှိပါဘူး။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေနဲ့ တိုက်ပွဲတွေကြောင့် နေပြည်တော်ရဲ့ အာဏာစက်ဟာ လွှတ်တော်ဝင်းအတွင်းမှာပဲ ဆက်လက် ကန့်သတ်ခံထားရဦးမှာ ဖြစ်ပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013