
ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ ဝိန်းရိုက်စ်မြို့နားက စစ်စခန်းတခုမှာ ဒေသစံတော်ချိန် အောက်တိုဘာ ၁၇ ရက်ညနေက ပေါက်ကွဲ၊ မီးလောင်မှုကြောင့် လူ ၇ ယောက် ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး Global News သတင်းဌာနက ပြောပါတယ်။
ညနေ ၄ နာရီလောက်မှာ လုပ်နေတဲ့ ကျည်အစစ်တွေသုံးတဲ့ စစ်ရေးလေ့ကျင့်မှုတခုကနေ စခန်းအထဲက ဓာတ်ငွေ့ပိုက်လိုင်း ဒါမှမဟုတ် ဓာတ်ငွေ့တွင်းတခုကို ထိမှန်သွားခဲ့ရာက ပေါက်ကွဲခဲ့တာလို့ ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီစစ်စခန်းမှာ လူအများအပြား ထိခိုက်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စနေနေ့ညက သတင်းထောက်တွေကို အတည်ပြု ပြောရာမှာ အမျိုးသားကာကွယ်ရေးဝန်ကြီး ဒေးဗစ်မက်ဂွင်တီ က မကြာသေးမီကာလအတွင်း ဒီလိုဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးတာမရှိဘူးလို့ ပြောပါတယ်။
ညပိုင်းမှာ ဝိန်းရိုက်စ် ကျန်းမာရေးစင်တာ အပြင်ဘက်မှာ လူနာတင်ယာဉ်တွေကို တွေ့မြင်ခဲ့ရပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက တစီးထက်ပိုတဲ့ လူနာတင်ယာဉ်တွေပေါ်ကို ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ တင်ဆောင်နေတာ တွေ့ခဲ့ရပါတယ်။
ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးကတော့ ဒီပေါက်ကွဲမှုမှာ ထိခိုက်ခံစားရသူတွေအားလုံးအတွက် ရင်နဲ့မဆံ့အောင် စာနာရပါတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့သည်။
“ထိခိုက်ခံစားရတဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေအားလုံးနဲ့အတူ စာနာစိတ်တွေ အမြဲရှိနေပါတယ်၊ ပြည်နယ်အစိုးရနဲ့ ဒေသန္တရအာဏာပိုင်တွေနဲ့အတူအနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်” လို့ မတ်ခ်ကာနေးက ပြောပါတယ်။
ဝိန်းရိုက်စ် စစ်စခန်းဟာ ကနေဒါနိုင်ငံရဲ့ အလုပ်အများဆုံး စစ်ရေးလေ့ကျင့်ရေးစခန်းတွေထဲက တခုဖြစ်ပြီး စစ်သည်တော်တွေကို လေ့ကျင့်ပေးဖို့နဲ့ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့တွေကို ပြင်ဆင်ပေးရာမှာ အဓိက အသုံးပြုတဲ့ စခန်းဖြစ်ပါတယ်။
မီးလောင်ချိန်ဟာ အယ်လ်ဘာတာပြည်နယ် ကနေဒါနိုင်ငံကနေ ခွဲထွက်ဖို့ ၊ မထွက်ဖို့နဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲအတွက် ကြိုတင်မဲပေးတဲ့ နောက်ဆုံးရက်ဖြစ်ပြီး မီးလောင်မှုကြောင့် မဲရုံတရုံကို အစောပိုင်း ပိတ်ခဲ့ရသလို တချို့မဲရုံတွေကိုတော့ နေရာပြောင်းပြီး ဖွင့်လှစ်ခဲ့ရပါတယ်။
မီးဟာ လေပြင်းတိုက်ခတ်မှုကြောင့် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မြူနီစီပယ်နယ်မြေအတွင်းသို့ ကူးစက်ရောက်ရှိခဲ့ကာ ကြိုတင်မဲပေးတဲ့ နေရာကိုပါ သက်ရောက်မှုရှိခဲ့တယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
Source: Global News











