
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်အထိ တောမီးတွေ ဆက်ပြီးလောင်နေလို့ စင်ကာပူနိုင်ငံမှာ မီးခိုးမြူတွေ ဆက်ဖုံးနေပါတယ်။
လေထုအရည်အသွေး စောင့်ကြည့်လေ့လာရေးအဖွဲ့ IQAir ရဲ့ အချက်အလက်တွေအရ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် မကောင်းတဲ့အဆင့်မှာ ရှိနေဆဲဖြစ်ပြီး ဒေသစံတော်ချိန် မနက် ၉ နာရီမှာ မြို့တွင်းလေထုညစ်ညမ်းမှု အညွှန်းကိန်းက ၁၇၁ ရှိခဲ့ပါတယ်။
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံက တောမီးတွေကနေ ထွက်လာတဲ့ မီးခိုးတွေ စင်ကာပူနိုင်ငံတဝန်း ပျံ့နှံ့နေလို့ ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပြီး Formula One Grand Prix ပြိုင်ပွဲမတိုင်မီ ပြည်သူ့ကျန်းမာရေးနဲ့ ပြင်ပလှုပ်ရှားမှုတွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။
စင်ကာပူဟာ အောက်တိုဘာလကုန်မှာ နိုင်ငံတကာညီလာခံတွေနဲ့ ဖျော်ဖြေရေးပွဲတွေကို လက်ခံကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ဒီလေထုညစ်ညမ်းမှု ပြဿနာ ပေါ်ပေါက်လာတာပါ။
ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး စောင့်ကြည့်လေ့လာရေးအဖွဲ့ IQAir ရဲ့ အဆိုအရ အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာတော့ စင်ကာပူနိုင်ငံရဲ့ လေထုအရည်အသွေး အညွှန်းကိန်း (AQI) က ၂၁၆ အထိ ရောက်ရှိခဲ့ပြီး သီတင်းပတ်အတွင်း ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့များစာရင်းမှာ စင်ကာပူနိုင်ငံက ထိပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။
သောကြာနေ့မှာလည်း ပထမနေရာမှာ ဆက်ရှိနေဆဲပါ။ အင်ဒိုနီးရှား မီးခိုးမြူတွေကြောင့် မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမြို့က လေထုအညစ်ညမ်းဆုံး ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။
စင်ကာပူနိုင်ငံနဲ့ အိမ်နီးချင်း မလေးရှားနိုင်ငံတို့ဟာ နှစ်စဉ် ခြောက်သွေ့ရာသီအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်လေ့ရှိတဲ့ တောမီးတွေက ထွက်လာတဲ့ မီးခိုးမြူဒဏ်ကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပါတယ်။
သဘာဝရာသီဥတုဖြစ်စဉ်တခုဖြစ်တဲ့ အယ်လ်နီညိုရဲ့ ပိုပြင်းထန်တဲ့ ပုံစံဖြစ်တဲ့ စူပါအယ်လ်နီညို ဖြစ်လာနိုင်ခြေရှိနေပြီး ရာသီဥတု ပိုခြောက်သွေ့လာလို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသတချို့မှာ မီးလောင်နိုင်ခြေ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုနဲ့ ဆူမားတြားကျွန်းတွေက ဒေသတချို့မှာ သီတင်းပတ်ပေါင်းများစွာ ကြာအောင် မီးလောင်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရပြီး မီးခိုးငွေ့တွေက ကျွန်းတွေတလျှောက်သာမက အိမ်နီးချင်းနိုင်ငံတွေဆီပါ ပျံ့နှံ့ ရောက်ရှိနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အဓိကအားဖြင့် ဆူမားတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ လွန်ခဲ့တဲ့ ၁၁ နှစ်အတွင်း အပြင်းထန်ဆုံး တောမီးတွေနဲ့ ရင်ဆိုင်နေရတာပါ။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ပိုဆိုးရွားလာနိုင်ပြီး နိုဝင်ဘာလအထိ တောမီးတွေ ဆက်လောင်နေနိုင်တယ်လို့ အစိုးရက သတိပေးထားပါတယ်။











