
အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိလာပြီလို့ ပင်တဂွန်စစ်ရုံးချုပ် ဘဏ္ဍာရေးအရာရှိက ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။
ဒီကုန်ကျစရိတ် အများစုဟာ လက်နက်ခဲယမ်းတွေအတွက် ဖြစ်တယ်လို့ ဘဏ္ဍာရေးအရာရှိ ဂျူးစ်ဟတ်စ်က လွှတ်တော်ကော်မတီကို ရှင်းပြပါတယ်။ ဒီစရိတ်ဟာ အီရန်ကို နျူကလီးယား လက်နက် မရအောင် တားဆီးမဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်အတွက် တန်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ပိသ်ဟက်ဂ်ဆက်သ်က လွှတ်တော်မှာ ပြောပါတယ်။
“အီရန်မှာ နျူကလီးယားဗုံး မရှိလာစေဖို့ ခင်ဗျားတို့ ဘယ်လောက် ပေးဆပ်မလဲ” လို့ ဟက်ဂ်ဆက်သ် က မေးခွန်းထုတ်ခဲ့ပါတယ်။
စစ်ပွဲစတင်ကတည်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ နှောင့်နှေးခဲ့လို့ အမေရိကန်မှာ ဓာတ်ဆီဈေးတွေ မြင့်တက်လာပါတယ်။ ဧပြီ ၂၈ ရက် အချက်အလက်တွေအရ အမေရိကန်ရဲ့ ပျမ်းမျှ ဓာတ်ဆီဈေးဟာ ၄ စ်နီးပါးကာလမှာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
ဒီလို ကုန်ဈေးနှုန်း မြင့်တက်လာတာက လာမဲ့ နိုဝင်ဘာလ သမ္မတသက်တမ်းလယ် လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဘလစ်ကန်တွေအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ လတ်တလော စစ်တမ်းတွေအရ အမေရိကန်နိုင်ငံသား ၃၄ ရာခိုင်နှုန်းကသာ ဒီစစ်ပွဲကို ထောက်ခံကြပါတယ်။
အီရန်မှာ စစ်ဆင်ရေးပြုလုပ်ဖို့နဲ့ပတ်သက်တဲ့ အစီအစဉ်သစ်တွေကို အလယ်ပိုင်းစစ်ဌာနချုပ်ရှိ တပ်မှူးတွေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကြာသပတေးနေ့မှာ တင်ပြမှာ ဖြစ်တယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။
အလယ်ပိုင်းစစ်ဌာနရေတပ်ချုပ် ဘရတ်ကူးပါးရဲ့ အတွင်းလူ ၂ ဦးက Axios သတင်းဌာနကို ပြောခဲ့တာပါ။
ဒီတင်ပြမှုတွေက ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဒါမှမဟုတ် နောက်ဆုံး စစ်ဆင်ရေးတွေ ပြုလုပ်ဖို့ အချက်ပေးမှုလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်ရဲ့ အလယ်ပိုင်းစစ်ဌာနချုပ်က အီရန်အပေါ် အချိန်တိုတွင်း အင်ပြည့်အားပြည့် တိုက်ခိုက်မှုအတွက် ပြင်ဆင်နေတယ်တဲ့ အစီအစဉ်၊ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုအပါအဝင်၊ ရပ်ဆိုင်းထားတဲ့ ညှိနှိုင်းမှုတွေကို ချိုးဖျက်ဖို့ ဆိုတဲ့ အချက် ၃ ချက် ပါဝင်ပါတယ်။
အဲဒါက အီရန်ဟာ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ စားပွဲဝိုင်းကို ပြန်လာဖို့ မျှော်လင့်တာလည်း ဖြစ်ပြီး နျူကလီးယား အရေးကိစ္စတွေနဲ့ပတ်သက်လို့ ညှိနှိုင်းရမှု ပိုပြီးအဆင်ပြေဖွယ်ရှိပါတယ်။
တခြားအစီအစဉ်အနေနဲ့ ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတွေ ဖြတ်သန်းနိုင်ဖို့ ထရမ့်ပ်ရဲ့ အာရုံစိုက်မှုလည်း ဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးမှာ မြေပြင်တိုက်ခိုက်မှုတွေ ပါတယ်လို့ အတွင်းလူ တယောက်က ပြောပါတယ်။
တခြားနည်းလမ်း တခုကလည်း အီရန်ရဲ့ ယူရေနီယံသန့်စင်ထားမှုကို လုံခြုံစေရန် အထူးတပ်ဖွဲ့ဝင် တွေနဲ့ စစ်ဆင်ရေးပြုလုပ်မှုတို့ ပါဝင်ပါတယ်။
အီရန်မှာ ရေကြောင်းပိတ်ဆို့မှုတွေက ဗုံးကြဲတာထက် ပိုပြီး ထိရောက်တယ်လို့ Axios ကို ထရမ့်ပ် က ပြောပါတယ်။ ဒီလို ပိတ်ဆို့မှုကို အီရန်က အလျှော့မပေးပါက ထရမ့်ပ်က စစ်ရေးအရ အရေးယူမှုတွေ လုပ်မယ်လို့ အတွင်းလူ ၂ ယောက်က Axios ကို ပြောပါတယ်။
ကူးပါးဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို မတိုက်မီ ၂ ရက်အလို ဖေဖော်ဝါရီ ၂၆ ရက်ကလည်း အခုလို ထရမ့်ပ်ကို အစီအစဉ်တွေ တင်ပြခဲ့ဖူးပါတယ်။
ထရမ့်ပ်နဲ့နီးစပ်သူ တယောက်ကတော့ ဒီလို အစီအစဉ်တင်ပြမှုက စစ်ပွဲဆက်တိုက်ဖို့ ထရမ့်ပ်ကို ဆုံးဖြတ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က မှတ်ချက် ပေးတာမျိုး မရှိသေးပါဘူး။
Source:Reuters










