
အောက်တိုဘာ ၂၇ ရက် အစ္စရေးရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် သူ့ဘက်မှာရှိကြောင်းနဲ့ သူသာ ရွေးကောက်ပွဲနိုင်ရင် အီရန်စစ်ပွဲ ပြန်စနိုင်တယ်လို့ အရိပ်အမြွက် ပြောဆို မဲဆွယ်ခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက် ရုပ်သံမိန့်ခွန်းမှာ ထရမ့်ပ်လို အစ္စရေးနဲ့ ရင်းနှီးတဲ့ အမေရိကန်သမ္မတမျိုး နောက်ထပ်ရဖို့ မလွယ်ဘူးလို့ နေတန်ယာဟုက ပြောပါတယ်။
“ဘီဘီ နေတန်ယာဟုကို မဲပေးကြပါ။ ကျုပ်တို့ စခဲ့တဲ့အလုပ်ကို အပြီးသတ်ရမယ်” လို့ ထရမ့်ပ်က လည်း အောက်တိုဘာ ၂၅ ရက်မှာ လူမှုကွန်ရက်ကနေ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးဟာ ဖေဖော်ဝါရီလက အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လက်ရှိမှာ အဓိက တိုက်ပွဲတွေ ရပ်ဆိုင်းထားပါတယ်။
အီရန်ရဲ့ ခြိမ်းခြောက်မှုကို အပြီးတိုင်ဖယ်ရှားဖို့ ထရမ့်ပ်က အသင့်ရှိပေမဲ့ သူဝန်ကြီးချုပ် ဆက်ဖြစ်မှ သာ လုပ်ဆောင်မယ်လို့ နေတန်ယာဟုက ဆိုပါတယ်။
အီရန်အစိုးရကို ဖြုတ်ချဖို့ အစ္စရေးထောက်လှမ်းရေး မော့ဆက်နဲ့ စစ်တပ်ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်းလည်း နေတန်ယာဟုက ပြောပါတယ်။
ဒါပေမဲ့ နိုဝင်ဘာ ၃ ရက် အမေရိကန် သက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမတိုင်မီ အီရန်ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် ဂါဒီ အိုင်ဇင်ကော့တ်ကတော့ နေတန်ယာဟုဟာ အကြောက်တရား၊ လိမ်လည်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို အသုံးချပြီး မဲဆွယ်နေတယ်လို့ စွပ်စွဲပါတယ်။
အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲဟာ ၂၀၂၃ ခုနှစ် ဟားမတ်စ်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးမှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
လူထုသဘောထားစစ်တမ်းတွေအရ နေတန်ယာဟုရဲ့ လီကွတ်ပါတီ အမတ်နေရာ လျော့နည်း နိုင်ပေမဲ့ အတိုက်အခံတွေကလည်း အစိုးရဖွဲ့နိုင်ဖို့ မသေချာသေးပါဘူး။
ဒါကြောင့် တခြားပါတီတွေနဲ့ ညှိနှိုင်းပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တဲ့ဘက်ကပဲ အာဏာရနိုင်ခြေ ပိုများ ပါတယ်။
Source:Reuters











