
အီရန်စစ်ပွဲကြောင့် အမေရိကန်အတွက် လက်နက်ခဲယမ်း “မလုံလောက်တဲ့” အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ပြီး ပြန်လည်ဖြည့်တင်းတဲ့ နေရာမှာလည်း အခက်အခဲနဲ့ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုလိုမျိုး အမေရိကန် ကာကွယ်ရေးဌာနရဲ့ စစ်ဆေးရေးမှူးချုပ်ရုံးက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပြောဆိုချက်တွေနဲ့တော့ ကွဲလွဲနေတာကို တွေ့ရပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ထရမ့်ပ်က မိမိတို့ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့နိုင်စွမ်းဟာ “အတိုင်းအဆမရှိဘဲ” ပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းဖော်ပြချက်ကို အကြိမ်ကြိမ် ငြင်းဆိုထားတာကြောင့်ပဲ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဇွန် ၃၀ ရက်အထိ အမေရိကန်ဟာ လက်နက်ခဲယမ်းတွေကို ဝယ်ယူဖို့အတွက် ဒေါ်လာ ၂၂ ဘီလီယံကျော် သုံးစွဲခဲ့ရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
အလားတူကာလအတွင်း အီရန်စစ်ပွဲအတွက် အမေရိကန်ရဲ့ စုစုပေါင်း အသုံးစရိတ်ဟာ ဒေါ်လာ ၃၃ ဒသမ ၄ နဲ့ ၃၈ ဘီလီယံကြား ရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက် လွတ်လပ်တဲ့ စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေရဲ့ အကဲဖြတ်ချက်ကို အိမ်ဖြူတော်က ပယ်ချလိုက်ပြီး “အမေရိကန်စစ်တပ်မှာ ကျည်ဆန်တွေ၊ လက်နက်ခဲယမ်းတွေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်းပမာဏဟာ လိုတာထက်တောင် များနေပါသေးတယ်” လို့ တုံ့ပြန်ထားပါတယ်။
အီရန်စစ်ပွဲကာလတလျှောက်မှာ အမေရိကန်တပ်ဖွဲ့တွေက တာဝေးပစ် မြေပြင်တိုက်ခိုက်ရေးစနစ် တွေ အပါအဝင် ကြားဖြတ်ပစ်ချပေးနိုင်တဲ့ ဒုံးကျည်နဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကိုပါ အကြီးအကျယ် အသုံးပြုခဲ့ရပါတယ်။
အလားတူ အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံလောက် ရှိခဲ့တဲ့အပြင် တခြားကုန်ကျစရိတ်အတွက်ပါ ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ သုံးစွဲခဲ့ရတယ်ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီဆုံးရှုံးမှုတွေထဲမှာ အဆင့်မြင့် F-35 တိုက်လေယာဉ်တစီး၊ F-15E ဂျက်လေယာဉ် ၄ စီးနဲ့ MQ-9 ဒရုန်းအစင်းရေ ၃၀ အထိ ပါဝင်ကြောင်း သိရပါတယ်။
လက်ရှိ အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမှု ကျဆင်းနေချိန်မှာပဲ ထရမ့်ပ် အစိုးရက အစ္စရေး အတွက် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံဖိုး လက်နက်ရောင်းချမဲ့ အစီအစဉ်ကို ခွင့်ပြုပေးလိုက်ပါတယ်။
ဒါဟာ အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်ခဲယမ်း တင်ပို့မှုတွေထဲကတခု ဖြစ်လာနိုင်သလို အဲဒီအဆိုပြုချက်ထဲမှာ အလေးချိန် တတန်ရှိတဲ့ ဗုံးအလုံးပေါင်း ၄၀,၀၀၀ ကို ထည့်သွင်းထားတာ လည်း တွေ့ရပါတယ်။
အဲဒီဗုံးကြီးတွေရဲ့ ပေါက်ကွဲမှုဧရိယာဟာ ကျယ်ပြန့်လွန်းတဲ့အတွက် အရပ်သားတွေကိုပါ ထိခိုက် စေနိုင်တာကြောင့် ဂါဇာကမ်းမြောင်နဲ့ လက်ဘနွန်နိုင်ငံမှာ အစ္စရေးဘက်က အသုံးချခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဒေါသတကြီး ဝေဖန်ထားပါတယ်။
Source:Reuters











