ကူဝိတ်ရှိ အမေရိကန် ဒရုန်းနှင့် ဒုံးကျည်စခန်းများကို အီရန် တိုက်ခိုက်

ဟော်မုဇ် ရေလက်ကြားထဲက ကက်ရှ်မ်ကျွန်းကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ ပြီးနောက် နိုဝင်ဘာ ၁၈ ရက် ညပိုင်းမှာ အီရန်က ကူဝိတ်နိုင်ငံမှာရှိတဲ့ အမေရိကန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ စက်တင်ဘာလနောက်ပိုင်း အမေရိကန်မဟာမိတ် ပင်လယ်ကွေ့နိုင်ငံအပေါ် တီဟီရန်ဘက်က ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်လာပါတယ်။
ကူဝိတ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ရန်လိုတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို တန်ပြန် ခုခံ နေရကြောင်း ကူဝိတ်ဘက်က ထုတ်ဖော်ပြောကြားပြီးနောက် ကူဝိတ်နိုင်ငံ အလီ အယ်လ် ဆာလမ် လေတပ်စခန်းမှာရှိတဲ့ အမေရိကန် ဒရုန်းနဲ့ ဒုံးကျည်စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ အီရန်စစ်တပ်က ဆိုပါတယ်။
အီရန်ဘက်က အမေရိကန်ဝန်ထမ်းတွေနဲ့ အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့မှုအပေါ် လက်တုံ့ ပြန်တဲ့အနေနဲ့ အမေရိကန်တိုက်လေယာဉ်တွေဟာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းမှာ ကက်ရှ်မ်ကျွန်းပေါ်က ဒုံးကျည်ပစ်လွှတ်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီးနောက် အခုလို ပြန်လည် တိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ အမေရိကန် စစ်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ အီရန်အရာရှိတယောက်ကို ကိုးကားပြီး အီရန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ကူဝိတ်နိုင်ငံကတော့ ဘယ်လိုကျူးကျော်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှုမျိုးကိုမဆို ဆန့်ကျင်ပြီး နိုင်ငံ့အချုပ်အခြာ အာဏာကို ကာကွယ်ဖို့၊ နယ်မြေနဲ့ အရေးပါတဲ့ အဆောက်အအုံတွေကို စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံး လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း ပြောကြားထား ပါတယ်။
အီရန်နိုင်ငံဟာ အဲဒီတိုက်ခိုက်မှုတွေနဲ့အတူ အမေရိကန်ကို သတိပေးချက်အသစ် ထုတ်ပြန်လိုက်ပြီး ရန်သူဘက်က အမှားထပ်ကျူးလွန်လာခဲ့မယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ အင်အားနဲ့ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တခုမှာ အီရန်စစ်ဦးစီးချုပ် အမီယာ ဟာတာမီက ပြောကြားရာမှာ အရင်က အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရစေတဲ့ အမှားမျိုးကို ရန်သူဘက်က ထပ်လုပ်လာခဲ့မယ်ဆိုရင် အလွန်အမင်း ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် အမြင့်ဆုံး အသင့်အနေအထားမှာ ရှိနေပြီဖြစ်ကြောင်းနဲ့ နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်ညွှန်ကြားချက်တွေကို လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်တွေအဖြစ် အပြည့်အစုံ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆိုပါတယ်။
ဖေဖော်ဝါရီလတုန်းက အစ္စရေးနဲ့ ပူးပေါင်းကာ အီရန်အပေါ် စစ်ပွဲစတင်ခဲ့တဲ့ အမေရိကန်နဲ့ သူ့ရဲ့ ထောက်ခံအားပေးသူတွေကို “ပထဝီဝင်ဆိုင်ရာ ကန့်သတ်ချက်မရှိဘဲ” ပိုမိုပြင်းထန်ခိုင်မာတဲ့ အင်အားနဲ့ တုံ့ပြန်သွားမယ်လို့ ပြောသွားပါတယ်။
Source: Reuters











