DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့၌  ကျန်းမာရေးမကောင်းသူအပါအဝင် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး
DVB
·
August 20, 2026
 Photo: Bomin 
 Photo: Bomin 
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ဩဂုတ် ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေက စစ်အာဏာရှင်တပ်ရဲ့ လှည့်ကင်းအဖွဲ့ဟာ မြို့အနှံ့ လမ်းပေါ်သွားလာနေတဲ့ လူငယ်အများအပြား အပါအဝင် နေအိမ်တွေထဲအထိ ဝင်ရောက်ကာ ကျန်းမာရေး မကောင်းသူတွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း မြို့ခံတွေထံက သိရပါတယ်။

အဆိုပါ ပေါ်တာဆွဲ ဖမ်းဆီးခံရသူတွေထဲမှာ ဘူတာရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ် လေးဘက်နာ ရောဂါသည်တယောက်နဲ့ အသက် ၂၅ နှစ်မှ ၃၀ ဝန်းကျင် အမျိုးသား ၃  ယောက်၊ ချီပါစုရပ်ကွက်မှ ၅ ယောက်နဲ့ နေရဗ္ဗာန်ရပ်ကွက်က ၁၀ ယောက်တို့ကို နေအိမ်တွေထဲအထိ ဝင်ရောက်ပြီး စစ်ဆေးမေးမြန်းတာမရှိဘဲ သေနတ်နဲ့ ချိန်ရွယ်ကာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့  နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဟုတ်စိန်ကွေ့၊ ရွှေဓားကျောင်းရှေ့လမ်း၊ လမ်းမတော် မီးပွိုင့်၊ ရန်ကြီးအောင် ပန်းခြံရှေ့၊ ဈေးကြီးအနီးတဝိုက်နဲ့ ကားဂိတ်တွေ အပါအဝင် နေရာအနှံ့မှာ သွားလာ လုပ်ကိုင်နေကြတဲ့ လူငယ်အများအပြားကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့ခံတယောက်က “အိမ်ထဲထိ ဝင်ဆွဲတာပါ။ အုပ်ချုပ်ရေးမှူးလည်း မပါဘူး၊ ဘာစာရွက်စာတမ်းမှလည်း မပါဘူး။ သူတို့ချည်းပဲ သေနတ်ချိန်ပြီး လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ။ ၄ ယောက် ပါသွားတယ်၊ ၃ ယောက်ကတော့ လုံးဝ အဆက်အသွယ် မရတော့ပါဘူး။ တယောက်ကတော့ ရောဂါသည်မို့လို့ တွေ့ခွင့်ရတယ်။ ရောဂါသည် မှန်ကန်ကြောင်း ဆေးမှတ်တမ်းနဲ့ ဆရာဝန် လက်မှတ်ပြတာတောင် လွှတ်မပေးသေးဘူး၊ တွေ့ခွင့်ပဲ ပေးတာ။ ငွေပေးမှ လွှတ်မယ်နဲ့ တူတယ်”လို့ ပြောပါတယ်။

ဩဂုတ် ၉ ရက်ကလည်း မှတ်ပုံတင်လုပ်ဖို့လာတဲ့  အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်ကို လှည့်ကင်းက လဝကရုံးရှေ့မှာ တားဆီးစဉ် ဆိုင်ကယ် မရပ်ပေးလို့ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။

ရုပ်အလောင်းကိုတော့ မြို့တောင်ဘက် ရွှေဘို-မန္တလေး လမ်းဘေး တဂဏန်းကျေးရွာအနီးမှာ စွန့်ပစ်သွားပါတယ်။

ဒီလအတွင်း မူးမြစ် ရေကြီးရေလျှံမှုကြောင့် ရွှေဘိုမြို့နယ် အနောက်မြောက်ခြမ်း ကျေးရွာတွေမှာ ရေဘေးကြုံတွေ့ခဲ့ရပြီးနောက် စစ်အာဏာရှင်တပ်က ရွှေဘိုမြို့အဝင် တောင်မုခ် စစ်ဆေးရေးဂိတ်နဲ့ ရွှေဘိုအနောက်ပေါက် မင်းကုန်းရွာ စစ်ဆေးရေးဂိတ်တို့မှာ စစ်အင်အား တိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေ ပိုမို ပြုလုပ်နေပါတယ်။

မြို့အတွင်းမှာလည်း ပတ်ကင်းတွေလှည့်ပြီး လုံခြုံရေးတင်းကျပ်ထားပေမဲ့ ခိုးမှု၊ ခါးပိုက်နှိုက်မှု၊ နေအိမ် ဖောက်ထွင်းမှုနဲ့ လုယက်မှုတွေကတော့ ဖြစ်မြဲအတိုင်း ဖြစ်ပွားနေပြီး စစ်တပ်က အရေးယူ ဖြေရှင်းပေးတာ မရှိပါဘူး။

အကြောင်းအမျိုးမျိုးပြကာ ပေါ်တာဆွဲ ဖမ်းဆီးတာနဲ့ ငွေညှစ်တာတွေကိုသာ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေလို့ ဒေသခံပြည်သူတွေဟာ လုံခြုံမှု ကင်းမဲ့နေသလို၊ ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ပိုမို ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013