
နေပြည်တော်နဲ့ မိတ္ထီလာမြို့နယ်တို့မှာ ဧပြီ ၇ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးကြီးပြီး လေပြင်းတိုက်ခတ်တာကြောင့် စစ်ကောင်စီရဲ့ ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍပ်တွေ ပျက်စီးကာ နေအိမ်တွေ အမိုးလန်တာ၊ သစ်ပင်တွေလဲကျပြီး သစ်ကိုင်းတွေ ကျိုးကျခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့်ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆောက်လုပ်ဆဲ နေပြည်တော်ရင်ပြင် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွေ၊ နေပြည်တော်မြို့တော်ခန်းမရှေ့က မြို့တော်ဝန်မဏ္ဍပ်ပါ ပျက်စီးသွားပါတယ်။
နေပြည်တော်ဒေသခံတယောက်က ''နေပြည်တော်ရင်ပြင်က လမ်းလျှောက်သင်္ကြန်လုပ်ဖို့ ပြင်ဆင်ထားတဲ့မဏ္ဍပ်တွေ ပိုမိုပျက်စီးတာ တွေ့ရတယ်။ လေက တော်တော်ပြင်းတာ။ မိုးတွေလည်း မနည်းရွာသွားတယ်'' လို့ ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်တွေဘက်မှာလည်း မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်၊ လျှပ်စီးလက်၊ မိုးကြိုးပစ်တာတွေ ဖြစ်ခဲ့လို့ သစ်ပင်လဲကျတာ၊ သစ်ကိုင်းကျိုးကျတာတွေလည်း ဖြစ်ခဲ့ပါတယ်။
မြို့ခံတယောက်က “မနေ့က ရွာတဲ့မိုးက အတော်များတယ်၊ လေတိုက်တာကလည်း ကြမ်းတယ်၊ နေအိမ်တွေ အမိုးလန်တယ်၊ သစ်ကိုင်းတွေ ကျိုးကျတယ်၊ သင်္ကြန်မဏ္ဍပ်တွေဆို ပြိုကျတယ်၊ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး” လို့ ပြောပါတယ်။
ပျဉ်းမနားမြို့ခံတယောက်က “မိုးကြိုးပစ်သွားတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ နေအိမ်တချို့လည်း အမိုးလန်တာတွေ ဖြစ်တယ်။ ဘောဂသီရိကားဝင်းထဲဘက်မှာလည်း လေပြင်းတိုက်တယ်၊ မိုးတွေလည်းရွာတယ်" လို့ ပြောပါတယ်။
မနေ့ညနေပိုင်းက မိတ္ထီလာမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြာင့် နေအိမ်တွေပြိုကျတာ၊ သစ်ကိုင်းတွေကျိုးကျတာ၊ ဓာတ်တိုင်တွေပြိုလဲတာတွေ ရှိတယ်လို့ ကျီတော်ကုန်းရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“မိုးရွာတာထက် လေတိုက်တာက အတော်ဆိုးတယ်။ သစ်ကိုင်းတွေကျိုးကျပြီး အိမ်တွေ ကားပေါ်တွေ ပိတယ်။ ဓာတ်တိုင်တွေလဲတယ်၊ နေအိမ်တွေပြိုကျတယ်။ တနေရာနဲ့ တနေရာ မတူဘူး။ ထိခိုက်ဆုံးရှုံးမှုက မိတ္ထီလာက ပိုများတယ်။”
မိတ္ထီလာခရိုင်ထဲမှာ ပါဝင်တဲ့ မလှိုင်၊ သာစည်နဲ့ ဝမ်းတွင်းမြို့နယ်မှာလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
အလားတူ ဧပြီ ၆ ရက် ညနေကလည်း ဆိပ်ဖြူမြို့နယ်မှာ မိုရွာသွန်းပြီး လေပြင်းတိုက်ခတ်ကာ မိုးကြိုးပစ်ခဲ့မှုတွေ ရှိလို့ နေအိမ်တွေပြိုကျတာ၊ သစ်ကိုင်းတွေ ကျိုးကျခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၇ ရက် ညပိုင်း ထုတ်ပြန်ချက်အရ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်မှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးခြိမ်းပြီး မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။










